The network connection is lost.

Banner Image

ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ပယ်ဖျက်ပေးမှုအတွက် အင်ဖန်တီနိုနဲ့ ဒေါ်နယ်ထရမ့်တို့ကို ကလော့ပ် ဒေါသတကြီးဝေဖန်

အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးလိုက်တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်အပေါ် ဂျာမနီရဲ့ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

အမေရိကန်တိုက်စစ်မှူးဘာလိုဂန်က ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဘော့စနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူချိန် အနီကတ်ပြသခံရလို့ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားဖို့ ရှိနေခဲ့ပါတယ်။ ဒါပေမဲ တနင်္ဂနွေနေ့မှာပဲ ဖီဖာက ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြိုဆိုခဲ့ပေမဲ့ ဘယ်လ်ဂျီယံဘက်ကတော့ အံ့အားသင့်မိတယ်လို့ ပြောဆိုခဲ့ပြီး ဥပဒေကြောင်းအရ လုပ်ကိုင်မယ့်အရာတွေကို ရှာဖွေနေပါတယ်။

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ထရမ့်က ပုဂ္ဂိုလ်ရေးအရရင်းနှီးတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုဆီ ဖုန်းဆက်ပြီး ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဖီဖာနဲ့ အိမ်ဖြူတော်ဘက်က တစုံတရာမှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ဂျာမနီရဲ့နည်းပြလောကမှာ နာမည်ကျော်တဲ့ ကလော့ပ်ကတော့ MagentaTV မှာ ကမ္ဘာ့ဖလား သုံးသပ်သူအဖြစ် ပါဝင်ရင်း ဒေါ်နယ်ထရမ့်နဲ့ အင်ဖန်တီနိုတို့ကို ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။

"ဒါ ကျွန်တော်တို့ရဲ့ အားကစားပါ၊ သူတို့တွေ ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး" လို့ ကလော့ပ်က ပြောပါတယ်။ "တကယ်ပဲ ဒီဆုံးဖြတ်ချက်ကို ထရမ့်ရော၊ အင်ဖန်တီနိုပါ သဘောတူခဲ့ကြတယ်ဆိုရင် ဒါ ရူးချင်စရာပါပဲ။ ဒါက အရာရာကို သံသယဖြစ်စရာ ကောင်းလာပါလိမ့်မယ်။ ဘောလုံးအကြောင်းလုံး၀မသိတဲ့ ဒီလူနှစ်ဦးက ဘောလုံးကိစ္စတွေမှာ ပါဝင်ပတ်သက်စရာ လုံး၀မလိုပါဘူး"လို့ ပြောပါတယ်။

ဒါ့အပြင် အနီကတ်ပြစ်ဒဏ်ပြန်ပယ်ဖျက်ပေးလိုက်မှုကိုလည်း ယာဂန်ကလော့ပ် နားမလည်နိုင်ဖြစ်နေပြီး ငြင်းခုံနေစရာတောင်မလိုတဲ့ အနီကတ်ပြစ်ဒဏ်မျိုးလို့ ယူနေပါတယ်။ တကယ်လို့ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ရင်တောင် "ကျွန်တော်တို့ဘောလုံးလောကမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို အားလုံး ခံစားကြရပါတယ်။ ဒါပေမဲ့ အဲဒီအမှားတွေနဲ့ပဲ အသားကျနေထိုင်တတ်အောင် သင်ယူကြရပါတယ်" လို့ သူက ဆိုပါတယ်။

လက်ရှိမှာ Red Bull လုပ်ငန်းစုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ လီဗာပူးလ်နည်းပြဟောင်းကလော့ပ်ဟာ မကြာသေးခင်ကမှ ရာထူးမှထွက်သွားတဲ့ နာဂယ်စ်မန်းရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး ဂျာမနီအသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။