ဘော်လွန်းဒီအော်ဆုနဲ့ ဟယ်ရီကိန်း ထိုက်တန်တယ်လို့ ကာရေဂါ အခိုင်အမာပြောဆို
အင်္ဂလန်နောက်ခံလူဟောင်းကာရေဂါက လွန်ခဲ့တဲ့တစ်နှစ်တာကာလအတွင်း ဟယ်ရီကိန်းရဲ့စွမ်းဆောင်ရည်တွေကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကို ဘော်လွန်ဒီအော်(Ballon d’Or)ဆု ချီးမြှင့်သင့်တယ်လို့ အားပေးစကား ပြောလိုက်ပါတယ်။
TeleFootball နဲ့အင်တာဗျူးအစီအစဉ်မှာ ကာရေဂါက ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြသနို်ငခဲ့တဲ့ ဟယ်ရီကိန်းကို လွန်ခဲ့တဲ့ ၁၂ လတာကာလအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ဖို့ ထိုက်တန်တယ်လို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း စွမ်းဆောင်ရည်တွေကို ကြည့်မယ်ဆိုရင် ဟာရီကိန်းက ဘော်လွန်းဒီအော်ဆုကို ရရှိသင့်ပါတယ်" လို့ ကာရေဂါက ပြောပါတယ်။
ဒါပေမဲ့ လီဗာပူးနောက်ခံလူဟောင်းက နိုင်ငံတကာပြိုင်ပွဲအခြေအနေတွေကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်အတွက် ဆုရရှိနိုင်ဖို့ အခွင့်အရေး နည်းပါးသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကံမကောင်းတာက သူ့အတွက် ဘော်လွန်းဒီအော်ဆုရရှိဖို့ မလွယ်ကူတာပါပဲ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့နှစ်တွေမှာဆိုရင် ဒီဆုက ချန်ပီယံဖြစ်လာတဲ့နိုင်ငံရဲ့ အကောင်းဆုံးကစားသမားဆီပဲ ရောက်သွားလေ့ရှိလို့ပါ" လို့ သူက ဆက်ပြောပါတယ်။
ကာရေဂါက အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ခြေအပေါ်လည်း သံသယရှိနေပါတယ်။ လတ်တလော အင်္ဂလန်အသင်းကစားပုံအရ ချန်ပီယံဖြစ်ဖို့ဆိုတဲ့အကောင်းမြင်စိတ်ထားရှိဖို့ ခက်နေတယ်လို့ သူက ဆိုပါတယ်။
"အင်္ဂလန်ကို ချန်ပီယံဖြစ်စေချင်ပေမဲ့ အခုတလော သူတို့ကစားနေတဲ့ပုံစံတွေအရတော့ ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောဖို့ အထောက်အထား ဘာမှမရှိပါဘူး" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းက ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အမြဲတမ်းလိုလိုခြေစွမ်းပြသနေသူဖြစ်ပြီး တစ်ဦးချင်းဆုတံဆိပ်တွေအတွက်လည်း ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ကာရေဂါထောက်ပြသလိုပဲ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ အသင်းလိုက်အောင်မြင်မှုရရှိခြင်းကသာ ဘော်လွန်းဒီအော်ဆုအတွက် အဓိကအဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။