ဘုန်းမောက်ကြယ်ပွင့်တွေကို မခေါ်ယူဖို့ အီရာအိုလာဆီ တောင်းဆိုလိုက်တဲ့ လီဗာပူးဂန္ထဝင်ဂျွန်ဘန်းစ်
လီဗာပူးဂန္တဝင်ဂျွန်ဘန်းစ်က နည်းပြသစ်အီရာအိုလာဆီ အခုနွေရာသီမှာ ဘုန်းမြောက်ကြယ်ပွင့်တွေကို အန်ဖီးလ်မြေဆီ မခေါ်ယူဖို့ သတိပေးခဲ့ပါတယ်။
အီရာအိုလာက လိုက်ပ်ဇစ်ကြယ်ပွင့်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေမှုနဲ့အတူ မာဆေးဆိုဒ်မြေမှာ သူ့ရဲ့ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဗစ်တာနော့ဇ်ကို ပေါင် ၃၄ဒဿမ၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ရာသီကြိုကာလအတွင်း အလုပ်များနေနိုင်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ဒီအိုမန်ဒီအတွက် လီဗာပူးအသင်းရဲ့ ယူရိုသန်း ၁၀၀ တန် ဗွေဆော်ဦးကမ်းလှမ်းမှုကို လိုက်ပ်ဇစ်အသင်း ငြင်းပယ်ခဲ့ပြီး သူ့ကိုခေါ်ယူဖို့ဆိုတာ အလျင်အမြန်လုပ်ဆောင်နိုင်စရာမရှိဘူးလို့ ကလပ်အသင်းဘက်က သိရှိထားပါတယ်။
လတ်တလောမှာ လူစာရင်းအင်အားဖြည့်တင်းမှုတစိတ်တပိုင်းအဖြစ် အီရာအိုလာက ပြီးခဲ့တဲ့ရာသီ၊ ဘုန်းမောက်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ရာမှာ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြတဲ့ တိုက်စစ်မှူးခရူပီ၊ ကွင်းလယ်ကစားသမားအဲလက်စကော့အပါအဝင် အချို့ကစားသမားတွေနဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီကစားသမားနှစ်ဦးလုံးက အီရီအိုလာလက်အောက်၊ ဘုန်းမောက်အသင်းအဆင့်ဆင့်တိုးတက်လာမှုရဲ့ ပြယုဂ်တွေဖြစ်ကြပြီး ခရူပီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးလူငယ်ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ကစားသမားနှစ်ဦးစလုံးက လီဗာပူးအသင်းရဲ့လူစာရင်းပိုင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာပစ်မှတ်တွေ ဖြစ်နိုင်ပေမဲ့လည်း ဂျွန်ဘန်းစ်ကတော့ ကစားသမားတွေရဲ့အရည်အသွေးလိုအပ်ချက်တွေကြောင့် ဒီအယူအဆကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပါတယ်။
"ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ ကစားသမားတွေထက် ပိုကောင်းတဲ့ ဘုန်းမောက်ကစားသမား ရှိတယ်လို့ ကျွန်တော်မယူဆပါဘူး။ ဒါကြောင့် ဘုန်းမောက်ကစားသမားတွေကို အန်ဖီးလ်မြေဆီ အီရာအိုလာကိုယ်တိုင်ခေါ်ယူလာတာမျိုး မမြင်ချင်ပါဘူး" လို့ ဂျွန်ဘန်းစ်က Betfred သို့ ပြောကြားခဲ့ပါတယ်။
"အီရာအိုလာရဲ့ယုံကြည်မှုရရှိသူတွေထဲမှာ အဲလက်စ်စကော့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းဆီ သူရောက်ရရှိလာမယ့် တစ်ခုတည်းသောအကြောင်းပြချက်က နည်းပြကြောင့်ပဲ ဖြစ်ပါလိမ့်မယ်"လို့ ဆက်ပြောခဲ့ပါတယ်။
တော့တင်ဟမ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှုမတိုင်ခင် ဆီနီစီကိုလည်း အီရာအိုလာနဲ့ ပြန်လည်ပူးပေါင်းမယ်ဆိုတဲ့ ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ လတ်တလောမှာ ကိုနာတေး၊ ရောဘတ်ဆန်တို့ ထွက်ခွာသွားမှုကြောင့် လီဗာပူးခံစစ်ပိုင်းမှာ အင်အားဖြည့်တင်းမှုတွေ အကြီးအကျယ်လိုအပ်နေပါတယ်။