ဒီအိုမန်ဒီအတွက် စံချိန်တင်ကမ်းလှမ်းမှု မပြုလုပ်ခင် ပီအက်စ်ဂျီရဲ့ခြေလှမ်းတွေကို စောင့်ကြည့်လာတဲ့ လီဗာပူး
လီဗာပူးအသင်းက လိုက်ပ်ဇစ်အသင်းကြယ်ပွင့်ယန်ဒီအိုမန်ဒီအတွက် အပြောင်းအရွှေ့ကမ်းလှမ်းဖို့ ပြင်ဆင်နေမှုကို ခေတ္တရွှေ့ဆိုင်းထားဖို့ ရှိနေပါတယ်။
ဒီနွေရာသီမှာ လူစာရင်းပိုင်းကြီးကြီးမားမားပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လီဗာပူးနည်းပြသစ် အီရာအိုလာအတွက် အပြောင်းအရွှေ့အသုံးစရိတ် ကြီးကြီးမားမားရရှိထားပြီး လတ်တလောမှာ ဗစ်တာမူနော့ဇ်ကို ပေါင် ၃၄ ဒဿမ ၅ သန်းဖြင့် ခေါ်ယူထားပါတယ်။
မိုဆာလက်ထွက်ခွာသွားသလို ဂတ်ပိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ခန့်မှန်းချက်တွေ ရှိလာချိန် အီရာအိုလာက တောင်ပံတိုက်စစ်နေရာနှစ်ခုလုံးအတွက် ကစားသမားသစ်ခေါ်ယူလိုနေပြီး လီဗာပူးအသင်းရဲ့ ဒီအိုမန်ဒီအတွက် စိတ်ဝင်စားမှုလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။
ဒါပေမဲ့ လိုက်ပ်ဇစ်အသင်းက ပြီးခဲ့တဲ့နွေရာသီ၊ စပိန်ကလပ်အသင်းလီဂါနက်စ်ဆီမှ ပေါင် ၁၇ ဒဿမ ၃ သန်းဖြင့် ခေါ်ယူထားတဲ့ အသက်-၁၉ နှစ်အရွယ်ကစားသမားအတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခု ရရှိဖို့ မျှော်လင့်နေပြီး လီဗာပူးအသင်းရဲ့အဖွင့်ကမ်းလှမ်းမှုဖြစ်တဲ့ ယူရိုသန်း ၁၀၀ ကိုလည်း ပယ်ချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းက လာမယ့် ရက်သတ္တပတ်တွေအတွင်း ပိုမိုမြင့်မားတဲ့ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ရှိနေပြီး ဒါက ပြီးခဲ့တဲ့နွေရာသီ၊ အီဆက်ခ်အတွက် ပေးချေခဲ့ရတဲ့ ပေါင် ၁၂၅ သန်းဆိုတဲ့ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်သွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအိုမန်ဒီလည်း အန်ဖီးလ်ဆီပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေပါတယ်။
ဂျာမန်ထိပ်တန်းလိဂ်မှာ တစ်ရာသီသာ ကစားထားဖူးတဲ့ ကစားသမားတစ်ဦးအတွက် ယူရို သန်း ၁၀၀ ကျော်အထိပေးချေဖို့ ဆုံးဖြတ်ချက်က လီဗာပူးအသင်းအတွက် တကယ့်စွန့်စားမှုတစ်ခုဖြစ်ပြီး Bild ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ပီအက်စ်ဂျီအသင်းလည်း အီရာအိုလာနဲ့အပြိုင် ဒီအပြောင်းအရွှေ့လှုပ်ရှားမှုဆီ ဝင်ရောက်လာပြီလို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းက ဒီအိုမန်ဒီရဲ့အေးဂျင့်ရော့ခ်နေးရှင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လိုက်ပ်ဇစ်အသင်း တောင်းဆိုထားတဲ့ ယူရို သန်း ၁၂၅ သန်းအထိ ပေးချေဖို့ လမ်းဖွင့်ထားပါတယ်။ ဒီတောင်ပံကစားသမားက ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်နဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးလည်း မရှိထားပါဘူး။
လီဗာပူးအသင်းက ပီအက်စ်ဂျီနဲ့ ပြောင်းရွှေ့ကြေးပြိုင်ဆိုင်မှုကို ရှောင်လွှဲနိုင်ဖို့နဲ့ ပီအက်စ်ဂျီရဲ့ တရားဝင်ကမ်းလှမ်းမှု အခြေအနေတွေကို စောင့်ကြည့်နိုင်ဖို့အတွက် လက်တလောကမ်းလှမ်းမှုအစီအစဉ်တွေကို ခေတ္တရပ်နားထားပါလိမ့်မယ်။