The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်လာမယ့် အမေ့လျော့ခံကစားသမား ၁၀ ဦး

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြီးမားဆုံးပျော်ရွှင်မှုတွေအနက် တစ်ခုကတော့ မမြင်ဖူး၊ မကြားဖူးတဲ့ ကစားသမားသစ်တွေကို ရှာဖွေတွေ့ရှိခြင်းဖြစ်သလို တဖက်မှာလည်း နှစ်ပေါင်းများစွာ လူမြင်ကွင်းအပြင်ဘက်ရောက်ရှိနေတဲ့ ကစားသမားတွေကို ပြန်လည်တွေ့ရှိရတဲ့ ပျော်ရွှင်မှုလည်း ပါဝင်ပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် အခုနွေရာသီပြိုင်ပွဲကြီးမတိုင်ခင် အဲဒီလိုအခြေအနေမျိုးနဲ့ကိုက်ညီတဲ့ ကစားသမားအချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

**အယ်လ်မီရွန် - ပါရာဂွေး**
နယူးကာဆယ်မှ အယ်လ်မီရွန်ထွက်ခွာသွားတာ ၁၈ လသာ ရှိသေးပေမဲ့ အတော်လေးကြာမြင့်သွားပြီလို့ ခံစားမိစေပါတယ်။ ၂၀၂၂ ခုနှစ်မှာ ပုံစံကောင်းပြသခဲ့တာမှလွဲလို့ ဒီတိုက်စစ်မှူးက စိန့်ဂျိမ်းစ်ပတ်ခ်မှာ ခြောက်ရာသီကြာဖြတ်သန်းခဲ့ချိန်အတွင်း ထူးထူးခြားခြားအကျိုးသက်ရောက်မှု မပြသနိုင်ခဲ့ပါဘူး။

လက်ရှိ အမေရိကန်မေဂျာလိဂ် (MLS) ကလပ် အတ္တလန်တာယူနိုက်တက်အသင်းမှာ ကစားနေတဲ့ အယ်လ်မီရွန်က အခုနွေရာသီမှာ ပါရာဂွေးအသင်းအတွက် အဓိကကစားသမားအဖြစ် ပါဝင်ကစားသွားပါမယ်။

**အန်နာ ဗလင်စီယာ - အီကွေဒေါ**
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သုံးဂိုး သွင်းယူပြီး ကမ္ဘာ့စင်မြင့်ထက် စတင်မိတ်ဆက်ခဲ့တဲ့ အန်နာဗလင်စီယာက နောက်ထပ် ၁၂ နှစ်ကြာမြင့်လာချိန်အထိ အီကွေဒေါအသင်းရဲ့ အဓိကဂိုးသွင်းရှင်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်စစ်မှူးက ၂၀၁၄ ခုနှစ်၊ နွေရာသီမှာ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ ပရီးမီးယားလိဂ်အဖွင့်ဘောလုံးရာသီမှာတော့ လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူက အဲဗာတန်အသင်းဆီ အငှားသွားရောက်ကစားခဲ့ပြီး လိဂ် ၂၁ ပွဲမှာ သုံးဂိုးသွင်းယူခဲ့ပါတယ်။

ဗလင်စီယာက မက္ကဆီကိုကလပ် တီဂရက်စ်နဲ့ တူရကီကလပ် ဖီနာဘာချီတို့မှာ ကစားခဲ့ဖူးပြီး လက်ရှိမှာတော့ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်မှာ ကစားနေပါတယ်။ သူက နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲ ၁၅၀ ကစား၊ ဂိုး ၅၀ သွင်းယူပေးထားပါတယ်။

**ဒီပေး - နယ်သာလန်**
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ မန်ချက်စတာယူနိုက်တက်ဆီ ဒီပေးရောက်ရှိလာမှုက တကယ့်ကိုကြီးမားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဘယ်ကစားသမားထက်မဆို ဂျာစီပိုမိုရောင်းချရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေက မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။

အသက် ၃၂ နှစ်အရွယ်တောင်ပံတိုက်စစ်မှူးက လိုင်ယွန်အသင်းနဲ့အတူ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ဘာစီလိုနာဆီ ရောက်ရှိခဲ့ဖူးသလို ၂၀၂၃ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်အကြာမှာတော့ သူက ဘရာဇီးလ်ကလပ် ကိုရင်သီယန်ဆီ မထင်မရှားပြောင်းရွှေ့ခဲ့ပြီး အခုအချိန်အထိ ဆက်လက်ကစားပေးနေပါတယ်။

ဒီပေးက နယ်သာလန်အသင်းရဲ့ပင်တိုင်ပွဲထွက်ကစားသမားအဖြစ် ရှိနေပြီး အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၅၅ ဂိုးအထိ သွင်းယူကာ စံချိန်တင်ထားပါတယ်။

**နီကိုလပ်စ်ပီပီ - အိုင်ဗရီကို့စ်**
တစ်ချိန်က အာဆင်နယ်အသင်းရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားဖြစ်ခဲ့ဖူးတဲ့ ပီပီက ၂၀၂၃ ခုနှစ်မှာတော့ ထရာဇွန်စပေါအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ငွေကြေးဖြုန်းတီးမှုအမြင့်မားဆုံးအပြောင်းအရွှေ့တွေအနက် တစ်ခုအဖြစ် သမိုင်းတွင်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီတောင်ပံကစားသမားက  ဗီလာရီးရဲလ်အသင်းအတွက် လာလီဂါမှာ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ရှစ်ကြိမ်ပြုလုပ်ကာ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ကမ္ဘာ့စင်မြင့်ထက် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အိုင်ဗရီကို့စ်အသင်းကလည်း ပီပီရဲ့ပုံစံကောင်းတွေကို ကမ္ဘာ့ဖလားမှာ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။

**ဆိုယွန်ကူ - တူရကီ**
လက်စတာစီးတီးအသင်းမှာ ငါးနှစ်ကြာဖြတ်သန်းချိန်အတွင်း ဆိုယွန်ကူက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမဲ့ နည်းပြဘရန်ဒန်ရော်ဂျာနဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် အသင်းအတွက် နောက်ဆုံးဘောလုံးရာသီမှာ ပွဲကစားခွင့် လုံး၀နီးပါး မရရှိခဲ့ပါဘူး။ ရော်ဂျာနေရာမှာ ဒင်းစမစ်ဝင်ရောက်လာချိန် ဆိုယွန်ကူအတွက် ပွဲကစားချိန် ပြန်ရရှိခဲ့ပေမဲ့ လက်စတာကတော့ ၂၀၂၃ ခုနှစ်မှာ တန်းဆင်းသွားပါတယ်။

ဒီဗဟိုခံစစ်မှူးက အဲဒီနွေရာသီမှာပဲ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပေမဲ့ အဆင်မပြေခဲ့ဘဲ ၂၀၂၄ ခုနှစ်မှာတော့ သူ့ရဲ့နေရပ်ဖြစ်တဲ့ တူရကီမြေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖီနာဘာချီအသင်းဆီ ပူးပေါင်းခဲ့ပါတယ်။

**ဂျော်ဒန်အယူး - ဂါနာ**
အင်္ဂလန်မြေမှာ ဂျော်ဒန်အယူး ဘောလုံးကစားနေဆဲဆိုတာ သိတဲ့သူ ရှိချင်မှ ရှိပါလိမ့်မယ်။ အသက်-၃၄ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်မှ လက်စတာတို့ တန်းဆင်းသွားချိန် အသင်းမှာ ဆက်ရှိနေခဲ့ပြီး အခုဘောလုံးရာသီမှာတော့ နှစ်ဂိုးသာသွင်းယူနိုင်သလို လက်စတာနဲ့အတူ လိဂ်ဝမ်းဆီ ထပ်မံတန်းဆင်းသွားပါတယ်။ ဒါက ဂျော်ဒန်အယူးရဲ့ကစားသမားဘ၀သက်တမ်းတလျှောက် ငါးကြိမ်မြောက်တန်းဆင်မှုလည်း ဖြစ်ပါတယ်။

ကံမကောင်းတဲ့ အစဉ်အလာတွေ ရှိနေပေမဲ့လည်း အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်းက ညီအစ်ကိုတော်စပ်သူအန်ဒရေအယူးနဲ့အတူ ဂါနာအသင်းအတွက် ပွဲအများဆုံးကစားပေးထားသူအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ကစားပါလိမ့်မယ်။

**ဝက်ဂျ်ဟော့စ် - နယ်သာလန်**
ဘန်လေမှ မန်ချက်စတာယူနိုက်တက်ဆီ အငှားဖြင့်ရောက်ရှိလာပြီးနောက် သရဲနီကစားသမားဘ၀မှာ ဂိုးပေါက်ပျောက်ဆုံးသွားတဲ့ ဝက်ဂျ်ဟော့စ်ကို ဘောလုံးပရိသတ်တွေ မှတ်မိနိုင်ပါသေးတယ်။ အခုလိုမျိုး အဲရစ်တန်ဟက်ရဲ့ခေတ်တစ်ခုက တကယ့်ကိုထူးခြားလွန်းပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်မှာ ဒီတိုက်စစ်မှူးက ဘန်လေမှ အေဂျက်ဆီ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ပြိုင်ပွဲစုံဂိုး ၂၀ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း နယ်သာလန်းအသင်းက ဝက်ဂျ်ဟော့စ်ရဲ့နေရာမှာ အစားထိုးမယ့် တိုက်စစ်မှူးအသစ်ကို မမွေးထုတ်နိုင်သေးပါဘူး။ ဒါလည်း အံ့ဩစရာကောင်းလှပါတယ်။

**ဆီမီဒို - ပေါ်တူဂီ**

ဖီနာဘာချီအသင်းမှာ နောက်ထပ်ပရီးမီးယားလိဂ်ကစားသမားဟောင်းတစ်ဦး ရှိနေပါသေးတယ်။ ဆီမီဒီုက ၂၀၂၀ ပြည့်နှစ်မှာ ဘာစီလိုနာမှ ဝုဗ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ ၁၆၀ အထိ ပါဝင်ကစားကာ ကလပ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဆီမီဒိုက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းရဲ့ ပထမဦးစားပေး ညာနောက်ခံလူအဖြစ် သေချာပေါက် ပါဝင်ကစားသွားပါလိမ့်မယ်။

**တာဟစ်ချောင် - ကူရာကာအို**
တာဟစ်ချောင်ဆိုတာ နည်းပြဆိုးရှားလက်အောက်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်တွေ ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့ ဆောင်းပါးမျိုးအတွက် သင့်လျော်သူ ဖြစ်ပါတယ်။

သူက ယူနိုက်တက်လူငယ်အကယ်ဒမီမှတဆင့် တောက်ပလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကလပ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုပါ ရရှိခဲ့ကာ ၂၀၂၂ ခုနှစ်မှာ ဘာမင်ဂမ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ဆီ လူတန်တောင်း တန်းတက်လာချိန် တာဟစ်ချောင်ကို ခေါ်ယူခဲ့လို့ ကစားသမားဘ၀လမ်းကြောင်းမှန်ဆီ ရောက်ရှိလာပြီလို့ ယူဆခဲ့ရပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာဘဲ လူတန်တောင်းအသင်းက ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရသလို အဲ့ဒီနောက်ပိုင်း တတိယတန်းအထိ ထပ်မံတန်းဆင်းသွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သူက ရှက်ဖီးယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်နဲ့အတူ အမှတ်ပေးဇယားအလယ်ပိုင်းမှာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

တာဟစ်ချောင်က အတိတ်မှာ နယ်သာလန်လူငယ်လက်ရွေးစင်အသင်းအဆင့်ဆင့်အတွက် ပါဝင်ကစားဖူးပေမဲ့ ကူရာကာအိုနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်လို့ ပြီးခဲ့တဲ့နှစ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် မွေးရပ်မြေကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီကတည်းက သူက ကူရာကာအိုအသင်းအတွက် ခြောက်ပွဲကစား၊ သုံးဂိုး သွင်းယူထားပါတယ်။

**ဂျင်းမိုက်ကယ်ဆီရီ - အိုင်ဗရီကို့စ်**
၂၀၁၈ ခုနှစ်၊ ဘန်လေနဲ့ပွဲစဉ်မှာ ရာသီအလိုက်အကောင်းဆုံးစကာတင်စာရင်းဝင်ဂိုးကို သွင်းယူခဲ့ပြီး ဖူလ်ဟမ်မှာ အထင်ကြီးလောက်စရာစတင်ခဲ့တဲ့ ဂျင်းမိုက်ကယ်ဆီရီကို မမေ့လောက်ကြသေးပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ဖူလ်ဟမ်က အဲ့ဒီဘောလုံးရာသီအပြီးမှာ တန်းဆင်းသွားခဲ့ပါတယ်။

ဆီရီက နောက်ထပ်နှစ်နှစ်တာကာလကို အငှားကစားသမားဘ၀ဖြင့် ကျင်လည်ခဲ့ပြီးနောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဖူလ်ဟမ်တို့ ချန်ပီယံဆုဆွတ်ခူးချိန် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဲ့ဒီလိုခြေစွမ်းပြနိုင်ခဲ့ပြီးချိန်မှာပဲ ကွင်းလယ်ကစားသမားက အသင်းနဲ့လမ်းခွဲခဲ့ပြီး ခရီးစဉ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပါတယ်။ သူက ဟားလ်စီးတီးမှာ နှစ်နှစ်ကြာကစားခဲ့သလို လက်ရှိမှာတော့ ဆလိုဗေးနီးယားပြည်တွင်းကလပ် မာရီဘောအသင်းအတွက် ကစားပေးနေပါတယ်။

၂၀၂၃ ခုနှစ်၊ အိုင်ဗရီကို့စ်အသင်းကို အာဖရိကဖလားရရှိအောင် ကူညီပေးခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဆီရီက ဒီနှစ်မှာတော့ ကစားသမားဘ၀သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲသွားပါလိမ့်မယ်။