The network connection is lost.

Banner Image

ဘောလုံးလောကမှ အနားယူတော့မယ်လို့ အတည်ပြုလိုက်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းအိုရီဂီ

ကလပ်အသင်းငါးခုအတွက် စုစုပေါင်း ၃၇၁ ပွဲကစားခဲ့ပြီး ဂိုး ၇၀ သွင်းယူပေးခဲ့တဲ့ အိုရီဂီက အသက် ၃၁ နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စွန့်လွှတ်ပြီလို့ ကြေညာခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အံ့ဩစရာခုနစ်တာကာလကို ဖြတ်သန်းမှုအပြီး အိုရီဂီက ၂၀၂၂ ခုနှစ်၊ အန်ဖီးလ်မြေမှထွက်ခွာလာပြီးချိန်ကတည်းက စွမ်းဆောင်ရည်ပိုင်းကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ၅၈ ပွဲသာ ပါဝင်ကစားခဲ့ပြီး နောက်ဆုံးပါဝင်ကစားခဲ့တဲ့ပွဲစဉ်ပြီး ရက်ပေါင်း ၆၀၀ အကြာ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ အေစီမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ ဘာစီလိုနာအသင်းကိုသွင်းယူခဲ့တဲ့အနိုင်ဂိုးကြောင့် လူတွေ ကောင်းကောင်းမှတ်မိနေကြတဲ့ အိုရီဂီက မာဆေးဆိုဒ်ကလပ်အသင်းပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို အမြဲတမ်းရရှိထားပြီး အခုအခါမှာတော့ ကစားသမားဘဝအဆုံးသတ်လိုက်ပြီလို့ လူမှုကွန်ရက်မှတဆင့် သတင်းစကားပါးလာခဲ့ပါတယ်။

X လူမှုကွန်ရက်မှတဆင့် အိုရီဂီက "ဘောလုံးလောကမှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝခဲ့ပါပြီ" လို့ ရေးသားထားပါတယ်။ "ကျွန်တော်ကိုယ်တိုင်လည်း ငယ်ဘ၀အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ အကြီးမားဆုံးသောစင်မြင့်ထက်တွေမှာ ကစားခဲ့တယ်၊ အကြီးမားဆုံးသော ဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။"

"ကျွန်တော့်ရဲ့ပရိသတ်တွေ၊ ကလပ်အသင်းတွေ၊ အသင်းဖော်တွေနဲ့ ကျွန်တော့်ရဲ့မိသားစုဝင်တွေ အားလုံးက ကျွန်တော်တို့အားလုံးရဲ့သမိုင်းအဖြစ် ထာ၀ရတည်ရှိနေပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။ ရည်မှန်းချက် ပြည့်မြောက်ခဲ့ပါပြီ။ အခုတော့ ကျွန်တော့်ရဲ့နောက်ထပ်လမ်းကြောင်းသစ်ဆီ ခြေလှမ်းစတင်သွားပါတော့မယ်။ ရှေ့လျှောက်ဖြတ်သန်းရဦးမယ့်ခရီးစဉ်တွေ ကျန်ရှိနေပါသေးတယ်။"လို့ ဆက်လက်ဖော်ပြထားပါတယ်။

ဖြတ်သန်းရမယ့်ခရီးစဉ်တွေ ဆက်ရှိနေသေးတယ်ဆိုတဲ့ အိုရီဂီရဲ့စကားကြောင့် သူ့ကို နည်းပြလောကမှာ မြင်တွေ့ရမလား သို့မဟုတ် ဘောလုံးဝေဖန်သူတစ်ဦး ဖြစ်လာမလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်သွားရပါမယ်။