The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင် နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်အသိပေးလာတဲ့ ဆန်းတို့စ်အသင်း

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် နေမာရဲ့ခြေသလုံးကြွက်သားဒဏ်ရာနဲ့ပတ်သက်လို့ ဆေးဘက်ဆိုင်ရာ သဘောထားကွဲလွဲမှုတွေအပေါ် စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ဆန်းတို့စ်အသင်းက တရားဝင်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အစပိုင်းမှာ ကလပ်အသင်းက ဒီဒဏ်ရာကို ရောင်ရမ်းမှုအနည်းငယ် (minor oedema) လို့ ဖော်ပြခဲ့ပေမဲ့ ဘရာဇီးအသင်းဆရာဝန်ရိုဒရီဂိုလက်စ်မာကတော့ ဒါဟာ အဆင့် (၂) ရှိတဲ့ ကြွက်သားစုတ်ပြဲဒဏ်ရာ (grade two muscle strain) ဖြစ်တယ်လို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီတိုက်စစ်မှူးက ပနားမား၊ အီဂျစ်တို့နဲ့ကစားမယ့် ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲတွေကို လွဲချော်ဖို့ရှိနေပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အမီ ပြန်လည်သက်သာလာဖို့အတွက် အချိန်နဲ့အမျှ အပြိုင်အဆိုင် ကြိုးစားနေရပါတယ်။

နေမာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာချိန် ဆန်းတို့စ်အသင်းက ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေအပေါ် ရှင်းလင်းဖို့ အလျင်အမြန်လုပ်ဆောင်လာခဲ့ပါတယ်။

"နေမာရဲ့ဆေးဘက်ဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီး နေမာကိုစစ်ဆေးခဲ့တဲ့ စစ်ဆေးမှုရလဒ်အားလုံးကို လက်ရွေးစင်အသင်းလူစာရင်းထုတ်ပြန်တဲ့ ၁၈ ရက်အထိ ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF)ဆီ အပြည့်အဝ မျှဝေပေးခဲ့တယ်ဆိုတာကို ဆန်းတို့စ်ဆေးဘက်ဆိုင်ရာဌာနက ရှင်းလင်းလိုပါတယ်" လို့ ဆန်းတို့စ်ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ကစားသမားအတွက် လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ဖို့အတွက် သီတင်းပတ်နှစ်ပတ်ကြာမြင့်နိုင်ပြီး ဒီတွက်ချက်မှုကို ဇွန် ၁၇ ရက်မှာစတင်ထားလို့ အခုသီတင်းပတ် တနင်္ဂနွေနေ့(ဇွန် ၃၁ ရက်)မှာ ပြည့်မြောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခန့်မှန်းချက်တွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို အသင်းရဲ့လိုအပ်ချက်နဲ့ ပွဲစဉ်တွေရဲ့အရေးပါမှုအပေါ်မှာလည်း မူတည်တယ်ဆိုတာ အမြဲသတိပြုရပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။

"ဘရာဇီးလက်ရွေးစင်အသင်းရဲ့ကာယကုထုံးအဖွဲ့မှာ နေမာကို ဆယ်စုနှစ်တစ်ခုကျော်ကြာ စောင့်ကြည့်ကုသပေးခဲ့တဲ့ ဆန်းတို့စ်ကလပ်အသင်းရဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်ပြီး အခု ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တလျှောက်လုံးမှာလည်း အတူတူရှိသွားပါလိမ့်မယ်။ ကလပ်အသင်းရဲ့ ဆေးဘက်ဆိုင်ရာဌာနက ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဆေးအဖွဲ့က သတ်မှတ်ထားတဲ့ ကုသမှုအစီအစဉ်နဲ့ တစ်သားတည်းရှိပြီး သဘောတူညီမှုလည်း ရယူထားပါတယ်။ ဆန်းတို့စ်ကလပ်အသင်းရဲ့ပညာရှင်တွေက နေမာရဲ့ပြန်လည်သက်သာလာနိုင်စွမ်းကို ကောင်းကောင်းသိကြပြီး ကမ္ဘာ့ဖလားမှာ သူပါဝင်ကစားဖို့ အဆင်သင့်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်" လို့ ဖော်ပြထားပါတယ်။