ယူရိုပါလိဂ်ဝင်ခွင့်ရရှိပြီးနောက် မယုံကြည်နိုင်စရာခရီးစဉ်အကြောင်း ပြန်ပြောင်းပြောပြလာတဲ့ ဆန်းဒါးလန်းကြယ်ပွင့်ဟူမီ
ချဲလ်ဆီးကိုအနိုင်ယူကာ သမိုင်းဝင်ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီးနောက် ဆန်းဒါးလန်းကြယ်ပွင့်ဟူမီက အသင်းရဲ့အောင်မြင်မှုကို ချီးကျူးစကားဆိုလိုက်ပါတယ်။
ဆူညံပြင်းထန်လှတဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှောက် ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မြောက်အိုင်ယာလန်လက်ရွေးစင်ကစားသမားလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီး ဟူမီက အင်္ဂလန်ထိပ်တန်းလိဂ်ဆီ တန်းတက်လာပြီးနောက်ပိုင်း ပြင်ပဝေဖန်သံတွေ၊ သံသယတွေကို ကျော်လွှားနိုင်ဖို့ တစ်ရာသီလုံး အစွမ်းကုန်ကြိုးစားခဲ့ရပုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
"အမှန်အတိုင်းပြောရရင် စကားလုံးနဲ့တောင် ဖော်ပြဖို့ခက်ပါတယ်၊ တစ်ရာသီလုံး ကျွန်တော်တို့ ဒါနဲ့ထိုက်တန်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်" လို့ သူက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်ဆီ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ပထမဆုံးတန်းတက်လာချိန် အခွင့်အရေးရှိမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး၊ ဒါပေမဲ့ အခုတော့ ဒါကို မှားယွင်းတယ်ဆိုတာ သက်သေပြပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်သွားပါပြီ၊ ဒါထက်ကောင်းတာ ဘာမှမရှိတော့ပါဘူး။ ကျွန်တော် ဒီမှာကစားခဲ့တာ ၄ နှစ်ခွဲ ရှိပါပြီ၊ ပရိသတ်တွေက အချိန်တိုင်းမှာ တကယ်ကို အံ့ဩစရာကောင်းလွန်းပါတယ်၊ ကျွန်တော်တို့သာ အရင်ဦးဆောင်ဂိုးရရင် နိုင်မယ်ဆိုတာ သိနေခဲ့ပါတယ်၊ သူတို့က ကျွန်တော်တို့နောက်မှာ အမြဲရှိနေခဲ့တာပါ၊ အခုလည်း အဲ့ဒီအတိုင်းပဲ ဖြစ်လာခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက "ဒါ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုပါပဲ၊ လိဂ်ဝမ်းမှာကတည်းက ကျွန်တော်က ဒီအသင်းနဲ့ စာချုပ်ချုပ်ခဲ့တာပါ၊ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကသာ ယူရိုပါလိဂ်ပြိုင်ပွဲကို ကျွန်တော်ကစားရမယ်လို့ တစ်ဦးဦးကပြောမယ်ဆိုရင် ကျွန်တော် လုံးဝမယုံပါဘူး။ ဒါက အသင်းပိုင်ရှင်၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကြောင့်ပါပဲ။ ကလပ်အသင်းက တကယ်ကို ကောင်းမွန်ပြီး အသင်းဆီ ရောက်လာသူတွေရော၊ ထွက်ခွာသွားသူတွေပါ တကယ်ကို ကောင်းမွန်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့တိုင်းမှာ အမြဲတမ်းတိုးတက်အောင် လုပ်ရပါမယ်၊ ပိုကောင်းလာအောင် ကြိုးစားနေရပါမယ်၊ ကျွန်တော်တို့လည်း နေ့တိုင်းကြိုးစားသွားမယ်ဆိုတာ သေချာပြီး ဘယ်အဆင့်ထိ ရောက်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ ပြောကြားသွားခဲ့ပါတယ်။