ဟယ်ရီကိန်းအနေနဲ့ တစ်ဦးချင်းဆုတံဆိပ်တစ်ခုခု ဆွတ်ခူးဖို့ လိုအပ်တယ်လို့ ဂျပ်စတမ်း မှတ်ချက်ပေး
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျပ်စတမ်းက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဘာလွန်ဒေါ (Ballon d'Or) လိုမျိုး တစ်ဦးချင်းဆုတံဆိပ်တစ်ခု ရသင့်နေပြီလို့ အကြံပြုပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒီရာသီ ဂျာမန်လိဂ်မှာ မိနစ် ၆၆.၇ တိုင်း ဂိုးတစ်ဂိုး သွင်းယူနေပြီး ဘိုင်ယန်မြူးနစ်အတွက်တော့ တကယ့်ကို ဂိုးသွင်းစက်ကြီးတစ်ခု ဖြစ်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် ဟာရီကိန်းဟာ နည်းပြ ဗင်းဆင့်ကွန်ပနီရဲ့ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ဒီရာသီ ဘွန်ဒက်လီဂါမှာတင် ၃၃ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ နည်းပြ ကွန်ပနီကလည်း ဟာရီကိန်းဆီကနေ အကောင်းဆုံးခြေစွမ်းတွေထွက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိရှိသူလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်ကြယ်ပွင့်ဟောင်း ဟာရီကိန်းဟာ ဂျာမနီမြေကို ရောက်ရှိလာကတည်းက ဆုဖလားတွေ အများကြီးကိုင်မြှောက်ထားနိုင်ခဲ့သလို ဒီရာသီမပြီးခင်မှာပဲ ဘွန်ဒက်လီဂါချန်ပီယံဆုကို ထပ်မံရရှိခဲ့ပြီးသား ဖြစ်ပါတယ်။
ဟာရီကိန်း ဘာလွန်ဒေါဆု ရနိုင်မလား?
ဒါပေမဲ့ ဂျပ်စတမ်းကတော့ ComeOn နဲ့ အင်တာဗျူးမှာ ဟာရီကိန်းရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဘာလွန်ဒေါလိုမျိုး တစ်ဦးချင်းဆုတစ်ခုခု ရသင့်တယ်လို့ ယုံကြည်နေပါတယ်။
"ဟာရီကိန်းအနေနဲ့ တစ်ဦးချင်းအဆင့်မှာ အဓိကဆုတံဆိပ်တစ်ခု ဆွတ်ခူးဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ကစားပုံကို ကျွန်တော် အကြိမ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ဖူးတယ်၊ အထူးသဖြင့် နောက်ပိုင်းနှစ်တွေနဲ့ ဘိုင်ယန်မှာ ကစားတဲ့အချိန်တွေမှာပေါ့။ ဘိုင်ယန်က အသင်းကောင်းတစ်သင်းဖြစ်သလို ဖိအားတွေလည်း အများကြီးရှိတဲ့ နေရာပါ" လို့ စတမ်းက ဆိုပါတယ်။
"သူကစားတာကို ကြည့်ရင် ဂိုးသွင်းတာတင်မကဘဲ အောက်ဆင်းပြီး ကစားကွက်ဖော်တာ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်တာ၊ ပြီးတော့ ကြိုးစားအားထုတ်မှုတွေက ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာကို မြင်နိုင်ပါတယ်။ သူဟာ တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတစ်ယောက်ပါ"
"သူ့ရဲ့ စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကြည့်ရင်လည်း သူဟာ ဆုဖလားတစ်ခုတော့ တကယ်ကို ရသင့်နေတာပါ"
"ကျွန်တော့်အမြင်မှာတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ အသင်းအပေါ် ထားရှိတဲ့ အပြုအမူတွေကြောင့် သူ ဆုဖလားရတာကိုပဲ မြင်ချင်မိပါတယ်။ သူဟာ တစ်ချိန်က မန်ယူနဲ့ သတင်းတွေ ထွက်ခဲ့ဖူးပြီး ကျွန်တော်တို့လည်း အဲဒါကိုပဲ တွေးနေမိခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအကြောင်းတွေကို ထပ်ပြီး စဉ်းစားမနေချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ ဂိုးသွင်းဖို့အတွက် ကျွန်တော်တို့ လိုအပ်နေတဲ့ ကစားသမားမျိုးပါ၊ ဘာလို့လဲဆိုတော့ ကဏ္ဍတိုင်းမှာ တိုက်စစ်မှူးတစ်ယောက်ဟာ ဒီလိုမျိုးပဲ ကစားသင့်လို့ပါ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းဟာ ဘွန်ဒက်လီဂါ ၉၁ ပွဲမှာ ၉၅ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အမြန်ဆုံး စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးအများဆုံးသွင်းထားတဲ့သူလည်း ဖြစ်ပါတယ်။ ဟာရီကိန်းအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိခဲ့မယ်ဆိုရင် ဒီနှစ်မှာ ဘာလွန်ဒေါဆုကို ရရှိဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။