ဘန်လေနဲ့ပွဲမှာ ဦးဆောင်ဂိုးကို ထိန်းမထားနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်းဖွင့်ဟလာတဲ့ ဝက်ကင်းစ်
ဘန်လေနဲ့ ခက်ခက်ခဲခဲကစားပြီး သရေကျခဲ့တဲ့ပွဲမှာ ဦးဆောင်မှုကို လက်လွှတ်လိုက်ရတာကြောင့် အက်စတွန်ဗီလာအသင်းသားတွေ စိတ်ပျက်ခဲ့ရတယ်လို့ အိုလီဝက်ကင်းစ်က ဝန်ခံပြောကြားလိုက်ပါတယ်။
အစောပိုင်းမှာ ဂိုးအရင်ပေးလိုက်ရပေမဲ့ အသင်းက စိတ်ဓာတ်မာမာနဲ့ ပြန်တုံ့ပြန်နိုင်ခဲ့တာကို ဗီလာအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးက အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရရှိထားတဲ့ အသာစီးရမှုကို ထိန်းမထားနိုင်ခဲ့တာကတော့ တကယ်ကို စိတ်ပျက်စရာကောင်းတယ်လို့ သူက ဆိုပါတယ်။
"အရမ်းကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ နောက်ပိုင်းအပတ်တွေမှာ သူတို့ (ဘန်လေ) က အများကြီး ပိုသန်မာလာကြတယ်။ မန်စီးတီးတောင် ဒီကွင်းမှာ ၁ ဂိုး - ၀ ဂိုးနဲ့ပဲ နိုင်ခဲ့တာဆိုတော့ ဒီမှာလာကစားဖို့က အမြဲတမ်း ခက်ခဲပါတယ်။ ဂိုးအရင်ပေးလိုက်ရပြီးမှ ရခဲ့တဲ့ တစ်မှတ်က တန်ဖိုးရှိပေမဲ့ ကိုယ်က ပြန်ဦးဆောင်နေတုန်းမှာ ဂိုးပြန်ပေးလိုက်ရတာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ" လို့ သူက ပရီးမီးယားလိဂ် ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။
"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဥရောပပွဲစဉ်မှာ အံ့ဩစရာကောင်းတဲ့ ရလဒ်တစ်ခု ရခဲ့တယ်၊ အဲဒီလိုပွဲမျိုးတွေမှာ ခွန်အားတွေ စွမ်းဆောင်ရည်တွေ အကုန်သုံးပြီး ကွင်းထဲမှာ ပုံအောကစားခဲ့ရတာပါ။ ၄၈ နာရီအတွင်းမှာ ကြံ့ခိုင်မှုပြန်ပြည့်အောင်လုပ်ပြီး နောက်တစ်ပွဲ ပြန်ကစားရတာက ခက်ခဲပါတယ်။ ပြီးတော့ ကျွန်တော်တို့က တစ်ခုခုသက်သေပြဖို့ ကြိုးစားနေပြီး ရာသီကုန်အထိ ရနိုင်သမျှ အမှတ်တွေရအောင် ယူနေတဲ့ အသင်းကောင်းတစ်သင်းနဲ့ ကစားနေရတာပါ။ ကြားရက်မှာ ပွဲမရှိလို့ ခွန်အားအပြည့်ရှိနေတဲ့ အသင်းမျိုးတွေကို ယှဉ်ကစားရတာက တကယ်ကို မလွယ်ကူပါဘူး" လို့ ၎င်းက ဆိုပါတယ်။