ဆီမီးဖိုင်နယ်နိုင်ပွဲအပြီး အသင်းဖော်တစ်ဦးရဲ့ခြေစွမ်းပိုင်းကြောင့် အာဆင်နယ်ကွင်းလယ်လူဒီကလန်ရိုက်စ် အံ့အားသင့်ခဲ့ရ
အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး အာဆင်နယ်ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်က အသင်းဖော်လူးဝစ်စကယ်လီရဲ့ခြေစွမ်းအပေါ် အလွန်အမင်းချီးကျူးစကားဆိုခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဆာကာက သတင်းစာမျက်နှာတွေမှာ နေရာယူခဲ့ပေမဲ့ ရိုက်စ်နဲ့အတူ ကွင်းလယ်မှာ တွဲဖက်ကစားခဲ့တဲ့ စကယ်လီရဲ့စွမ်းဆောင်ရည်ပိုင်းကလည်း ထူးခြားပြောင်မြောက်ခဲ့ပါတယ်။
Sofascore ရဲ့ အချက်အလက်တွေအရ အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားလေးက ဘောလုံးပေးပို့မှု ၄၉ ကြိမ်မှာ ၄၄ ကြိမ် (၉၀ ရာခိုင်နှုန်း) တိကျအောင် ပေးပို့နိုင်ခဲ့သလို၊ ဘောလုံးဆွဲပြေးမှု ၁၉ ကြိမ်နဲ့ ပြိုင်ဘက်ဆီမှ ပြစ်ဒဏ်ဘော ၂ ကြိမ် ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဒီကလန်ရိုက်စ်က လူငယ်ကစားသမားရဲ့ခြေစွမ်းအပေါ် အံ့အားသင့်နေခဲ့ပြီး ကစားသမားဘဝအရေးအကြီးဆုံးပွဲစဉ်မှာ တည်ငြိမ်မှုအပြည့်နဲ့ အသင်းကို ဦးဆောင်ကစားနိုင်မှုအပေါ် အခုလိုပဲ ချီးကျူးခဲ့ပါတယ်။
"ပြီးခဲ့တဲ့နှစ်မှာ စကယ်လီ ပွဲတွေအများကြီး ကစားခဲ့တာကို ကျွန်တော်မှတ်မိပါသေးတယ်။ အသက် ၁၈ နှစ်အရွယ်မှာတင် ရီးရဲလ်မက်ဒရစ်ကွင်းမှာ ထူးထူးခြားခြားခြေစွမ်းပြနိုင်ချိန် 'ဝါး... ငါတို့ဆီမှာ တကယ့်ကစားသမားကောင်းတစ်ဦး ရှိနေပြီပဲ' လို့ ကျွန်တော် တွေးမိခဲ့ပါတယ်" လို့ ဒီကလန်ရိုက်စ်က ပြောခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က လူးဝစ်စကယ်လီအတွက် အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကိုးကြိမ်မြောက်ပါဝင်ကစားနိုင်ခြင်း ဖြစ်ပြီး မေ ၃၀ ရက်၊ ဗိုလ်လုပွဲအတွက်လည်း သူ့ကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်စေဖို့ အသင်းနဲ့ပတ်သက်သူအားလုံး လိုလားနေကြပါတယ်။