ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်မှေးမှိန်လာလို့ အေစီမီလန်ကစားသမားတွေနဲ့ အရေးပေါ်အစည်းအဝေးလုပ်ခဲ့တဲ့ အယ်လီဂရီ
ဆာဆူအိုလိုအသင်းကို ၂-၀ ဂိုးဖြင့် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ပြီးနောက် အေစီမီလန်နည်းပြအယ်လီဂရီက အသင်းကစားသမားတွေနဲ့ မီလန်နယ်လိုလေ့ကျင့်ရေးကွင်းမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။
လက်ကျန်စီးရီးအေပွဲစဉ် ၃ ခုသာ ကျန်ရှိချိန် အေစီမီလန်အသင်းက ၆၇ မှတ်နဲ့ အဆင့်-၃ မှာ ရှိနေသေးပေမဲ့ ဂျူဗင်တပ်စ်နဲ့ ရိုးမားတို့နဲ့ အမှတ်အနည်းငယ်သာကွာဟလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် ထိပ်ဆုံးလေးသင်းစာရင်းမှာဆက်ရှိနိုင်ရေး တဖြည်းဖြည်းစိုးရိမ်စရာ ကောင်းလာပါတယ်။
ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့ပြီးနောက် အယ်လီဂရီက ကစားသမားတွေနဲ့ တိုက်ရိုက်စကားပြောဆိုခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ပြောင်းလဲကြဖို့နဲ့ အသင်းလိုက်တာဝန်ယူစိတ်ရှိကြဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၁၀ လတာအတွင်း သူတို့ပြသခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အားစိုက်ထုတ်မှုတွေကို ပြန်လည်သတိပေးခဲ့သလို အခုအချိန်မှာ အသင်းနဲ့ ပရိသတ်တွေအတွက် ပေးထားတဲ့တာဝန်ကို အကောင်းဆုံးအဆုံးသတ်ကြရမယ်လို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။
အသင်းအတွင်း ဖိအားတွေရှိနေတာနဲ့ ယုံကြည်မှုကျဆင်းနေတာကို နားလည်ပေးထားပေမဲ့ ရာသီနောက်ဆုံးပိတ်ကာလမှာ အသင်းရဲ့ရလဒ်တွေ အဖတ်ဆယ်မရအောင် ဆိုးရွားမသွားစေဖို့အတွက် စည်းလုံးညီညွှတ်ကြဖို့နဲ့ အာရုံစူးစိုက်မှုအပြည့်အ၀ရှိဖို့ သူက တိုက်တွန်းခဲ့ပါတယ်။