ဟွိုက်လန်းကို နာပိုလီအသင်းဆီ လက်လွှတ်ရတော့မှာဟာ ယူနိုက်တက်အတွက် နှမြောစရာကောင်းတယ်လို့ ပီတာရှမိုက်ကယ် ပြောဆို
မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က ရာ့စ်မက်စ် ဟွိုက်လန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အတ္တလန္တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာပြီးနောက် ဟွိုက်လန်းဟာ ပထမဆုံးရာသီမှာတင် ယူနိုက်တက်အတွက် ၁၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အပေါ် ပရိသတ်တွေကြား အမြင်အမျိုးမျိုး ကွဲပြားခဲ့ပါတယ်။ ဒုတိယမြောက်ရာသီမှာတော့ သူဟာ ပရီးမီးယားလိဂ်မှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းလာတာနဲ့အမျှ သူ့ကို အသင်းကနေ ထွက်ခွာစေချင်တဲ့အထိ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။
အခုအခါမှာတော့ ဒီဒိန်းမတ်ကြယ်ပွင့်ဟာ နာပိုလီအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေပြီး အီတလီမှာ နည်းပြ အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ ပိုမိုကောင်းမွန်တဲ့ အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ သူဟာ နာပိုလီအသင်းမှာ တခြားကစားသမားတွေထက် ဂိုးပိုမိုသွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ နာပိုလီအသင်းဟာ ဟွိုက်လန်းရဲ့ စာချုပ်ထဲမှာပါတဲ့ ပေါင် ၃၈ သန်းတန် အပြီးသတ်ဝယ်ယူခွင့်ကို အသက်သွင်းတော့မယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ စမိုက်ကယ်က အလားအလာအများကြီးရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ကို အခုလို ဆုံးရှုံးရမှာဟာ နှမြောစရာပါပဲလို့ ဆိုပါတယ်။
"ကျွန်တော်ထင်တာကတော့ နာပိုလီသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် သူတို့က ဟွိုက်လန်းကို အပြီးသတ်ခေါ်ယူဖို့ တာဝန်ရှိနေတာပါ။ ဒါဟာ တကယ့်ကို နှမြောစရာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဟွိုက်လန်းကို သဘောကျသလို သူဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့လည်း ယုံကြည်လို့ပါ။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ပြန်လာချင်တော့မယ် မထင်သလို၊ နာပိုလီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရသွားပြီဖြစ်လို့ သူ ပြန်လာနိုင်ဖို့ မရှိတော့ပါဘူး" လို့ စမိုက်ကယ်က The Good, The Bad & The Football ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဟွိုက်လန်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး TV2 နဲ့ အင်တာဗျူးမှာ သူ နောင်တမရကြောင်း ပြောဆိုခဲ့ပါတယ်။ "ကျွန်တော် ဒီအပြောင်းအရွှေ့ကနေ လိုချင်တာကို ရခဲ့ပါတယ်။ ကျွန်တော့်အပေါ် အပြည့်အဝ ယုံကြည်တဲ့ အသင်း၊ အားကစားဒါရိုက်တာ၊ ဥက္ကဋ္ဌနဲ့ နည်းပြတို့ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ တစ်ချိန်တုန်းက (ယူနိုက်တက်မှာ) ကျွန်တော့်အတွက် အရာအားလုံး ပြီးဆုံးသွားပြီလို့ ခံစားခဲ့ရဖူးပါတယ်။ ဒီမှာတော့ ဘောလုံးအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ ချစ်စိတ်ကို ပြန်ရှာတွေ့ခဲ့ပါပြီ။ ဒိန်းမတ်က လူတွေတောင် ကျွန်တော့်ကို လက်လျှော့ခဲ့ကြပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး" လို့ ၎င်းက ရင်ဖွင့်ခဲ့ပါတယ်။