ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက် လီဗာပူးကို အပြင်းအထန်ဝေဖန်လိုက်တဲ့ အလန်ရှီးယားနဲ့ မီကာရစ်ချတ်
မန်ချက်စတာယူနိုက်တက်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်တဲ့ မီကာရစ်ချတ်နဲ့ အလန်ရှီးယားတို့က လီဗာပူးအသင်းကို အပြင်းအထန် ဝေဖန်လိုက်ကြပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ ကွန်ဟာ၊ ဆက်စ်ကို၊ မိုင်နူးတို့ရဲ့သွင်းဂိုးတွေနဲ့ ယူနိုက်တက်တို့ သုံးမှတ်အပြည့် ရရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံးအနိုင်ရရှိခဲ့တဲ့မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ အခုရာသီ၊ ၁၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအတွက် သူတို့အသင်းရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်က စိတ်ပျက်စရာ ပိုကောင်းလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက သူတို့ရဲ့အရှိန်အဟုန်ကောင်းကိုထိန်းထားဖို့အတွက် အပြောင်းအရွှေ့မှာ ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ၊ နည်းဗျူဟာပိုင်းအားနည်းချက်တွေနဲ့အတူ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဖလော်ရီယန်ဝစ်ဇ်၊ ဟူဂိုအီကီတီကီနဲ့ အီဆက်တို့လို ကစားသမားတွေကို ပေါင်သန်း ၄၀၀ နီးပါးသုံးစွဲကာခေါ်ယူခဲ့ပေမဲ့ လက်တွေ့မှာ ထိရောက်မှု မရှိခဲ့ပါဘူး။
"ကျွန်တော်ထင်တာကတော့ ဝေဖန်စရာအချက်က အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေပါပဲ။ သူတို့တွေ အလုပ်မဖြစ်ကြဘူး" လို့ ရစ်ချတ်က Rest is Football အစီအစဉ်မှာ ပြောကြားခဲ့ပြီး အဲဒီအချိန်မှာ ရှီးယားကိုယ်တိုင်လည်း ခေါင်းခါပြနေခဲ့ပါတယ်။
"အီဆက် ဒဏ်ရာရနေတယ်၊ ဖလော်ရီယန်ဝစ်ဇ်ကလည်း ကျွန်တော်တို့မျှော်လင့်ထားတဲ့အဆင့်မျိုးမှာ ရှိမနေဘူး၊ ဖရင်ပေါင်ကလည်း ညာတောင်ပံလား/ညာနောက်ခံလူလား မသဲကွဲဘဲ အဆင်မပြေဖြစ်နေတယ်။ ကာကက်ဇ်ကလည်း ဘုန်းမောက်မှာတုန်းက ခြေစွမ်းမျိုး လုံးဝမပြနိုင်တော့ဘူး။ ဒါ ဖိအားကြောင့်လား ဒါမှမဟုတ် ကစားကွက်ကြောင့်လားဆိုတာ ကျွန်တော် မသိတော့ပါဘူး" လို့ သူက ဆက်ပြောပါတယ်။
"လီဗာပူးက အရမ်းနှေးကွေးပြီး တုံ့ပြန်ပုံတွေလည်း နှေးကွေးနေပါတယ်။ ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ရတာ အရမ်းလွယ်ကူနေတယ်။ ပုံမှန်ဆိုရင် လီဗာပူးဆိုတာ ပြင်းထန်တဲ့တိုက်စစ်ရှိရမယ်၊ သူတို့ကိုအနိုင်ယူဖို့ဆိုတာ ခက်ခဲမယ်၊ ကစားသမားကိုယ်တိုင်လည်း အားသွန်ခွန်စိုက်ကစားကြပါတယ်။ အထူးသဖြင့် ကလော့ပ်လက်ထက်မှာပေါ့။ ဒါပေမဲ့ အခုတော့ အဲဒီလိုအချက်တွေ တစ်ခုမှ မရှိတော့ဘူး။ နည်းပြအတွက် ဒါတွေကို ပြန်ပြင်ဖို့ အခွင့်အရေး ရသင့်တယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။
အသင်းကို ပြန်တည့်မတ်ဖို့ လက်ရှိနည်းပြအန်းစလော့ဆီ အခွင့်အရေးပေးသင့်လားဆိုတဲ့ မေးခွန်းကို အလန်ရှီးယားက "ပေးသင့်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူလုပ်ပြခဲ့တဲ့အရာတွေ၊ ပရီးမီးယားလိဂ်ဖလားရခဲ့တာတွေနဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရခဲ့တာတွေကို ကြည့်လိုက်ပါ။ ဒီနှစ် လီဗာပူးမှာ ကြုံနေရတဲ့အခက်အခဲတွေနဲ့ ပြဿနာတွေကို ထည့်တွက်ရင်လည်း သူ့ကို အခွင့်အရေးပေးသင့်ပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်ဆိုရင်တော့ သူ့ကိုပဲ နည်းပြအဖြစ် ဆက်ထားပါမယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ လီဗာပူးက အမှတ်ပေးဇယားတတိယနေရာရှိ ယူနိုက်တက်နဲ့ ခြောက်မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပါတယ်။ ဥရောပဝင်ခွင့်အတွက် ကြိုးစားနေရချိန်မှာပဲ အသင်းဘုတ်အဖွဲ့ကတော့ အန်းစလော့ရဲ့အနာဂတ်မရေရာမှုကို ဆွေးနွေးဖို့ လက်ကျန်ပွဲစဉ်တွေရဲ့ ရလဒ်တွေကို စောင့်ကြည့်သွားကြပါလိမ့်မယ်။