အက်သလက်တီကိုနဲ့ပွဲအတွက် အိုဒီဂတ်နဲ့ ကိုင်ဟားဗက်ဇ်တို့ ကြံ့ခိုင်မှုပြည့်ဝနေ
အဲမရိတ်စ်ကွင်းမှာ အင်္ဂါနေ့ကျင်းပမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်နဲ့ တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်တို့ဟာ အသင်းရဲ့ပွင့်လင်းလေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်သင်းပေါင်းရလဒ် ၁-၁ ဂိုးနဲ့ အခြေအနေတင်းမာနေတဲ့ ဒီပွဲစဉ်အတွက် ကစားသမားနှစ်ဦးစလုံး ရွေးချယ်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ နည်းပြ မီခေးလ်အာတီတာက ပြောကြားခဲ့ပါတယ်။
မက်ဒရစ်မှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက သွင်းဂိုးနှစ်ဂိုးစလုံးဟာ ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် တိုက်စစ်မှူး ဗစ်တာဂယိုကေးရက်စ်က သွင်းယူခဲ့ကာ အက်သလက်တီကိုအတွက်တော့ ဂျူလီယန်အယ်လ်ဗာရက်ဇ်က သွင်းယူပေးခဲ့တာပါ။
"သူတို့နှစ်ယောက်လုံး အသင်းလူစာရင်းမှာ ပါဝင်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အချက်ပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေနဲ့ အသင်းရဲ့ကစားနိုင်စွမ်းအားတွေ လိုအပ်လို့ပါ" လို့ အာတီတာက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၃ ပွဲကစားဖို့ကျန်ရှိနေချိန် ဇယားထိပ်မှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာတော့ ချန်ပီယံဖြစ်သွားတဲ့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
"ကျွန်တော် ဒီပွဲကို မစောင့်နိုင်တော့ပါဘူး။ အသင်းထဲမှာရော အသင်းပတ်ဝန်းကျင်မှာပါ စွမ်းအင်တွေ ပြည့်ဝနေတာကို ခံစားနေရပါတယ်" လို့ အာတီတာက ဆိုပါတယ်။
"ကလပ်အသင်းအနေနဲ့ရော အသင်းသားတွေအနေနဲ့ပါ အတူတကွ ကြိုးစားခဲ့ကြတာတွေ အများကြီးရှိပါတယ်။ အခုလိုမျိုး ညတစ်ညကို ပိုင်ဆိုင်ဖို့ သူတို့တွေ အကြာကြီး စောင့်ခဲ့ရတာပါ။ အံ့အားသင့်စရာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက လန်ဒန်မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် သူတို့အသင်း တည်းခိုမယ့်ဟိုတယ်ကို ပြောင်းလဲခဲ့တယ်လို့ ပြောပါတယ်။ အာဆင်နယ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ လိဂ်အဆင့်ပွဲစဉ်တုန်းက တည်းခိုခဲ့တဲ့ဟိုတယ်ကို မသုံးတော့ဘဲ ပြောင်းလိုက်တာဖြစ်ပြီး ဒါဟာ အစွဲအလမ်းကြောင့်လို့ စပိန်မီဒီယာတွေက ဖော်ပြနေပေမဲ့ ဆီမြွန်နီကတော့ ကုန်ကျစရိတ်သက်သာလို့ပါဆိုပြီး အရွှန်းဖောက်ခဲ့ပါတယ်။
"အောက်တိုဘာလတုန်းကထက်စာရင် အခု ကျွန်တော်တို့ ပိုပြီးအဆင်ပြေနေပါတယ်။ ဟိုတယ်ကလည်း ပိုဈေးသက်သာလို့ ကျွန်တော်တို့ ပြောင်းလိုက်တာပါ" လို့ ဆီမြွန်နီက ရယ်မောရင်း ပြောပါတယ်။
ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့တော့ ဒီရာသီ ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၀ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးထားတဲ့ အယ်လ်ဗာရက်ဇ်ဟာ ပထမအကျော့ပွဲစဉ်နှောင်းပိုင်းမှာ လူစားလဲခံခဲ့ရလို့ ဒဏ်ရာသံသယရှိခဲ့ပေမဲ့ အက်သလက်တီကိုရဲ့ ခရီးထွက်လူစာရင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားဟာ မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
"အခုလိုမျိုး ပွဲတွေအတွက် ဂျူလီယန်က အရမ်းအရေးကြီးပါတယ်။ သူက ဒီလိဂ်အကြောင်းကို ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့အပတ်ကပွဲမှာလည်း သူ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ မနက်ဖြန်ပွဲမှာလည်း ပွဲကတောင်းဆိုတဲ့အတိုင်း သူ စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆီမြွန်နီက ဆိုပါတယ်။