The network connection is lost.

Banner Image

မန်စီးတီးကွင်းလယ်လူဟောင်း စတီဖင်အိုင်ယာလန် ဆိုးရွားတဲ့ဒဏ်ရာကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခံရ

မန်စီးတီးကွင်းလယ်လူဟောင်း စတီဖင်အိုင်ယာလန်ဟာ Wythenshawe Vets အသင်းအတွက် ကစားပေးနေစဉ်အတွင်းမှာပဲ ဆိုးရွားတဲ့ဒဏ်ရာတစ်ခု ရရှိခဲ့လို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကွင်းထဲအထိ လာရောက်ပြုစုပေးခဲ့ရပါတယ်။

အိုင်ယာလန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က South Liverpool Vets အသင်းနဲ့ ကစားခဲ့တဲ့ ဖလားဗိုလ်လုပွဲမှာ Wythenshawe Vets အသင်းအတွက် ပါဝင်ကစားပေးခဲ့တာပါ။ အဲဒီအသင်းမှာ ပါပစ်ဆီဆေး၊ မာ့ခ်အောဘရိုက်တန်၊ ဒန်နီဒရင်ဝါတာ၊ မေနာဖီဂူရိုအာ၊ ဂျိုလီယွန်လက်စကော့၊ နီဒမ်အိုနူအိုဟာ၊ အမ်မေးဟက်စကီးနဲ့ အန်တိုနီယိုဗလင်စီယာတို့လို နာမည်ကျော်ကစားသမားတွေလည်း ဒီရာသီမှာ ပါဝင်ကစားပေးထားပါတယ်။

ဒါပေမဲ့လည်း ပွဲစပြီး မိနစ် ၃၀ အတွင်းမှာပဲ ပြင်းထန်တဲ့ ဖျတ်ထုတ်မှုတစ်ခုကြောင့် လူနာတင်ကား ကွင်းထဲအထိ ဝင်လာရတဲ့အထိ အခြေအနေဆိုးသွားခဲ့လို့ ပွဲကို ခေတ္တရပ်နားခဲ့ရပါတယ်။

MAN ရဲ့ ဖော်ပြချက်အရ အဲဒီဖြစ်ရပ် ဗီဒီယိုဖိုင်ထဲမှာ အရိုးကျိုးသွားသလိုမျိုး ကြောက်စရာကောင်းတဲ့ အသံကို ကြားခဲ့ရပြီး ဒဏ်ရာအခြေအနေ ပြင်းထန်လွန်းတာကြောင့် တခြားကစားသမားတွေပါ ခေါင်းကိုလက်နဲ့အုပ်ပြီး စိတ်မကောင်းဖြစ်နေကြတာကို တွေ့ရပါတယ်။

ပွဲအပြီးမှာတော့ Wythenshawe Vets အသင်းက ဒီဖြစ်ရပ်ဆိုးအတွက် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ "ဒီနေ့ ဗိုလ်လုပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရရှိတဲ့ အားပေးမှုတွေအတွက် စတီဖင်က အရမ်းကို ဝမ်းသာပီတိဖြစ်ရသလို အထူးပဲ ကျေးဇူးတင်ရှိနေပါတယ်" လို့ ရေးသားထားပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူ ဂျက်စ်ကလည်း "ဒီနေ့ပွဲမှာ နည်းလမ်းမျိုးစုံနဲ့ ကူညီပေးခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ တကယ်ကို စိတ်မကောင်းဖြစ်စရာနဲ့ တုန်လှုပ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပေမဲ့ လူတိုင်းရဲ့ ဂရုစိုက်မှုနဲ့ စည်းလုံးမှုတွေက ကျွန်မတို့အတွက် အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။ Wythenshawe ပရိသတ်တွေတင်မကဘဲ South Liverpool Vets အသင်းနဲ့ Warrington Rylands က လူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးက တကယ်ကို အံ့ဩဖို့ကောင်းလောက်အောင် ကူညီပေးခဲ့ကြတာပါ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အချိန်မီနဲ့ ကျွမ်းကျင်စွာ ကုသပေးခဲ့တဲ့ Warrington ဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ လူနာတင်ကားအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။

"စတီဖင်ရဲ့ စိတ်ဓာတ်အတိုင်း 'စူပါမင်းဟာ ပြန်လာဦးမှာပါ'၊ ကျွန်မတို့အားလုံး စတီဖင်နောက်မှာ ရှိနေပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝ ပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်" လို့လည်း ဆိုပါတယ်။

Wythenshawe Vets အသင်းဟာ လိဂ်ပွဲစဉ် ၁၀ ပွဲကစားထားရာမှာ ရှုံးပွဲမရှိသေးဘဲ ဂိုးကွာခြားချက် ၇၇ ဂိုးအထိ ရရှိထားကာ ဇယားထိပ်မှာ ၆ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။ အသင်းက ခြေစွမ်းပြနေပေမဲ့လည်း အိုင်ယာလန်ကတော့ ဒဏ်ရာကြောင့် လအနည်းငယ်ကြာ အနားယူရဖွယ်ရှိနေပြီး အားပေးစကားတွေလည်း အများအပြား ရရှိနေပါတယ်။