ဘန်လေကို အနိုင်ရပြီးနောက် လိဒ်အတွက် အခြေအနေကောင်းတစ်ရပ် ရှိနေပြီလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမ်ပါဒူ
ပြီးခဲ့သည့်သောကြာနေ့(မေလ ၁ ရက်)၊ ဘန်လေကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လိဒ်အသင်းခေါင်းဆောင်အမ်ပါဒူက တန်းဆင်းဇုန်တိုက်ပွဲမှာ "အခြေအနေကောင်းသည့် အနေအထားတစ်ခုဆီ ရောက်ရှိနေပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အီလန်ရုဒ်ကွင်းပွဲစဉ်အတွင်း အန်တွန်စတက်ရှ်၊ အိုကာဖော်နဲ့ ကယ်လ်ဗတ်လီဝင်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်တွေက ပြိုင်ဘက်ဘန်လေကို သက်သောင့်သက်သာအနိုင်ယူခဲ့ပါတယ်။
လက်ရှိမှာ လိဒ်က တန်းဆင်းဇုန်တိုက်ပွဲအတွင်း လက်ကျန်သုံးပွဲသာကစားဖို့ကျန်ရှိချိန်၊ အမှတ်ပေးဇယားအဆင့်-၁၈ နေရာရှိ တော့တင်ဟမ်ထက် ကိုးမှတ်အသာစီးရရှိနေပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့အင်တာဗျူးမှာ အမ်ပါဒူက ရာသီပိတ်ပွဲစဉ်တွေဆီချဉ်းကပ်လာချိန်တွင် သူတို့အသင်းအတွက် ကောင်းမွန်တဲ့အခြေအနေတစ်ခု ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တကယ်ဝမ်းသာပါတယ်။ ပွဲမတိုင်ခင် ကျွန်တော်ပြောခဲ့သလိုပဲ၊ ဘန်လေကို မနိုင်ဖူးသေးလို့ ဒီပွဲမှာ လက်စားချေပြီး ရမှတ် ၄၃ မှတ်အထိ ရအောင်ယူချင်ခဲ့ပါတယ်။ အခု သုံးပွဲပဲ ကျန်တော့ချိန် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အခြေအနေကောင်းတစ်ခုဆီ ပို့ဆောင်နိုင်ခဲ့ပြီလို့ ယူဆပါတယ်" လို့ အမ်ပါဒူက ပြောပါတယ်။
လိဒ်ယူနိုက်တက်ပရိသတ်တွေနဲ့လည်း ပတ်သက်လို့လည်း အသင်းကပ္ပတိန်က "သူတို့ကို ပိတ်ရက်ရှည်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေချင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ စိတ်ပျက်စရာရလဒ်ထွက်ခဲ့ပေမဲ့ လက်ကျန်ပွဲစဉ်သုံးခုမှာတော့ ကောင်းမွန်တဲ့ရလဒ်တွေ ထပ်မံရရှိဖို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
နည်းပြဖာကီနဲ့ပတ်သက်လို့လည်း "နည်းပြက ကစားသမားတိုင်းကို ယုံကြည်မှုရှိရှိနဲ့ လွတ်လွတ်လပ်လပ်ကစားနိုင်အောင် အားပေးသလို ခွင့်ပြုချက်လည်း ပေးထားပါတယ်။ ကျွန်တော်တို့ ပွဲတွေအတွက် ကောင်းကောင်းပြင်ဆင်ထားနိုင်မှုက အခုလိုအခြေအနေကောင်းတစ်ခုဆီ ရောက်ရှိလာစေပါတယ်" ဟု အမ်ပါဒူက ပြောကြားသွားခဲ့ပါတယ်။