နယူးကာဆယ်မှာ ဆက်ရှိနေဖို့ ကြိုးစားနေတဲ့ ဝစ်ဆာ
ယိုအန်နီ ဝစ်ဆာက သူ့ရဲ့အနာဂတ်ဟာ နယူးကာဆယ်ယူနိုက်တက်အသင်းမှာပဲ ရှိနေမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ရာသီကြိုကာလမှာ ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ အသင်းဆီ ပြန်လာပြီးနောက်ပိုင်း ထပ်မံကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာအသေးအဖွဲတွေကြောင့် သူဟာ ခြေစွမ်းပြဖို့ အခက်အခဲတွေ ရှိခဲ့ပြီး၊ နွေရာသီမှာ အသင်းကနေ ရောင်းထုတ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာပါ။
"ကျွန်တော် ဒဏ်ရာကနေ ပြန်လာတဲ့အချိန်မှာ သေချာပေါက် အချိန်ပိုပေးပြီး အနားယူခဲ့သင့်တာပါ။ အခုက ပြန်လာရမယ့်အချိန်ထက် စောပြီး ပြန်လာခဲ့မိသလို ဖြစ်သွားတယ်" လို့ ဂျိုးလ်ဘီယာရဲ့ YouTube ချန်နယ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဝစ်ဆာက ပြောကြားခဲ့ပါတယ်။
"အသင်းဖော်တွေနဲ့ စတင်တွေ့ဆုံချိန်မှာ ကျွန်တော်က ဒဏ်ရာရနေတာပါ။ ကစားသမားတွေအချင်းချင်း နားလည်မှုတည်ဆောက်ဖို့အတွက် ရာသီကြိုကာလက အရမ်းအရေးကြီးပါတယ်။ အဲ့ဒီအချိန်မှာ ခြေစမ်းပွဲတွေ အများကြီးကစားရင်း အမှားတွေလုပ်ကြည့်မယ်၊ အသင်းဖော်တွေကိုလည်း ဘယ်လိုကစားပေးပါလို့ အကြံပေးတာမျိုးတွေ လုပ်လို့ရပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီအခွင့်အရေးတွေကို လက်လွှတ်ခဲ့ရပါတယ်"
"အရှိန်အဟုန်ကို အမှီလိုက်ချင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ဒူးဒဏ်ရာက အဆင်မပြေခဲ့လို့ မဖြစ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအခြေအနေကို ကျွန်တော် သိနေခဲ့ပေမဲ့ ဒီလိုအသင်းမှာ ရှိနေရတာကိုက ဂုဏ်ယူစရာတစ်ခုလို့ မှတ်ယူထားပါတယ်"
"ကျွန်တော်က စစ်သည်တော်တစ်ယောက်လိုပါပဲ၊ ဆက်ပြီးတော့ပဲ ကြိုးစားသွားမှာပါ။ ဒီအသင်းရဲ့ ဂျာစီအပေါ်မှာ ထားတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်မြတ်နိုးမှုကို အားလုံးကို သိစေချင်ပါတယ်။ ရှေ့ဆက်မယ့် ရာသီသစ်အတွက် မျှော်လင့်ချက်တွေ ရှိနေသလို၊ ဒီကလပ်ဟာ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ အခုထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ နယူးကာဆယ်မှာ ကစားခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို မယုံနိုင်စရာ အခွင့်အရေးတစ်ခုပါပဲ"
"ကစားသမားတော်တော်များများဟာ အသင်းသစ်မှာ ပထမဆုံးနှစ်မှာ ရုန်းကန်ရတတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရှေ့ကိုပဲ ကြည့်နေပါတယ်။ ရာသီကုန်ခါနီးမှာ သွင်းဂိုးအချို့ ရယူနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါဟာ တကယ့်ကို အခွင့်ထူးတစ်ခုပါ၊ ကျွန်တော်က ဒီအသင်းရဲ့ ဂျာစီကိုပဲ ဝတ်ဆင်ချင်တာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။