အီရာအိုလာက ချဲလ်ဆီးမှာ အခွင့်အရေးရသင့်တယ်လို့ ကီအုန်း ပြောကြား
အာဆင်နယ်ဂန္ထဝင်ကစားသမား မာတင်ကီအုန်းက ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာဟာ ချဲလ်ဆီးလို အသင်းကြီးမျိုးမှာ နည်းပြခွင့်ရဖို့ ထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က လီယမ်ရိုဆင်ညာကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း အီရာအိုလာဟာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ကီအုန်းက talkSPORT နဲ့ အင်တာဗျူးမှာ "သူ လူငယ်ကစားသမားတွေနဲ့ ဘယ်လိုလက်တွဲလုပ်ဆောင်နေသလဲဆိုတာကို ကြည့်မယ်ဆိုရင် ဒါဟာ လိုအပ်တဲ့အချက်တစ်ခုနဲ့ ကိုက်ညီနေပါတယ်။
အခုလက်ရှိ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းပြနေပုံကို ကြည့်ရင် တခြားအသင်းက ကစားသမားတချို့ကရော အဲဒီလောက်အထိ ကောင်းရဲ့လားလို့တောင် မေးခွန်းထုတ်ရမလိုပါပဲ။
သူဟာ ဘုန်းမောက်မှာ အံ့ဖွယ်အမှုတွေ ဖန်တီးပြခဲ့တာဖြစ်လို့ အခွင့်အရေးတစ်ခုတော့ ရသင့်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကစားပုံနဲ့ ပရက်ဆင်း (Pressing) ပေးပုံတွေက တကယ့်ကို ရှင်းလင်းပြတ်သားလွန်းလို့ ကျွန်တော် တကယ်ကို သဘောကျမိပါတယ်။ သူ့ကို ချဲလ်ဆီးဆီ ခေါ်ယူလိုက်တာက တခြားလူတွေကို ခေါ်တာထက် အများကြီး ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။