အာဆင်နယ်အနေနဲ့ အက်သလက်တီကိုကိုကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ နဗီးလ် ဆို
မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ့် အခွင့်အရေးအပေါ် အပြင်းအထန် ဝေဖန်ပြောကြားခဲ့တာပါ။
အက်သလက်တီကို မက်ဒရစ်နဲ့ အာဆင်နယ်တို့ဟာ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သင်းစလုံးက သူတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရယူဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
FA ဖလားနဲ့ EFL ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ်အသင်းအတွက် ဆုဖလားမျှော်လင့်ချက်အဖြစ် ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုပဲ ကျန်ပါတော့တယ်။
ဒီပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ အဲဒီပွဲမှာ သမိုင်းသစ် ရေးထိုးနိုင်မလား ဒါမှမဟုတ် တစ်ကျော့ပြန် ရှုံးနိမ့်ဦးမလားဆိုတာ မြင်တွေ့ရမှာပါ။
အက်သလက်တီကိုအသင်းဟာ အခုရာသီအစောပိုင်း လိဂ်အဆင့်ပွဲစဉ်တုန်းက အမ်မရိတ်ကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးတာကြောင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ဆိုရင် အခုတစ်ခေါက်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ လိုအပ်နေပါတယ်။
အခုအခါမှာတော့ နေဗီးလ်က သူ့ရဲ့ ပေါ့ဒ်ကတ်စ်မှာ ပြောကြားရာမှာ အာဆင်နယ်ရဲ့ အခွင့်အရေးကို သိပ်မယုံကြည်ကြောင်းနဲ့ မေလ ၃၀ ရက်နေ့ ဘူဒါပက်စ်မြို့၊ ပုရှ်ကပ်စ်အရီနာမှာ ကစားမယ့် ဗိုလ်လုပွဲကို သူတို့ တက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။
"ဒီကစားသမားတွေ အများစုက ချန်ပီယံလိဂ်ဖလားကို ဘယ်လိုရယူရမလဲဆိုတာ မသိကြသေးဘူး။ ဒါပေမဲ့ သူတို့က ပရီမီယာလိဂ် ချန်ပီယံလုပွဲမှာ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာကြောင့် အဲဒီမှာ အမှားအယွင်းမရှိစေဖို့ အရမ်းကို ကြိုးစားကြမှာပါ။ မီခေးလ် အာတီတာအနေနဲ့ ပွဲတိုင်းကို အစွမ်းကုန် ယှဉ်ပြိုင်သွားသင့်ပြီး ဘယ်ပြိုင်ပွဲကိုမှ ပိုပြီး ဦးစားပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ထက် ပရီမီယာလိဂ်ကို ရယူဖို့က ပိုပြီး လွယ်ကူတယ်ဆိုတာ သူလည်း သိနေမှာပါ" လို့ နေဗီးလ်က ဆိုပါတယ်။
"ကျွန်တော့်အမြင်အရ ချန်ပီယံလိဂ်မှာ အာဆင်နယ်ထက် ပိုကောင်းတဲ့ အသင်းတွေ အများကြီး ရှိနေသလို ဒါက ရှုံးထွက်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ သူတို့မှာ ချန်ပီယံလိဂ် သုံးပွဲပဲ ကစားဖို့ ကျန်တော့သလို လိဂ်မှာလည်း လေးပွဲပဲ ကျန်တော့တာမို့ ဖလားနှစ်ခုလုံး ရနိုင်တယ်လို့ ပြောလို့ရပေမဲ့၊ သူတို့အနေနဲ့ အက်သလက်တီကိုနဲ့ တခြား ဆီမီးဖိုင်နယ် အသင်းတွေကို ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ ဒါပေမဲ့ လိဂ်မှာတော့ သူတို့ အခွင့်အရေး ရှိတယ်လို့ မြင်ပါတယ်" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။
အကယ်၍ အာဆင်နယ်သာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရရင် နည်းပြ အာတီတာအနေနဲ့ ပရီမီယာလိဂ် တစ်ခုတည်းကိုပဲ အာရုံစိုက်ရတော့မှာပါ။ ဒါပေမဲ့ မန်စီးတီးက သူတို့ကို အတော်လေး အကျပ်ရိုက်အောင် လုပ်နေတာကြောင့် ပရီမီယာလိဂ်မှာလည်း သူတို့အသင်း အတော်လေး ရုန်းကန်နေရတာ ဖြစ်ပါတယ်။