ကာရစ်ကိုအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ မက်ဂွါရီထောက်ခံ
မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွါရီက ရူဘင်အမောရင် ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း မိုက်ကယ်ကာရစ်ရဲ့ လက်အောက်မှာ ဖြတ်သန်းနေရတဲ့ အသင်းရဲ့ အခြေအနေတွေကို ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၄၁ နှစ်အရွယ် အမောရင်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ယူနိုက်တက်အသင်း ရလဒ်တွေ တရိပ်ရိပ်ကျဆင်းပြီး ဖလားပြိုင်ပွဲနှစ်ခုလုံးကနေ ထွက်ခွာခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ရာထူးကနေ အပြီးသတ် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာ ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အလွန်နီးစပ်တဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ မက်ဂွါရီက Sky Sports နဲ့ အင်တာဗျူးခဲ့ပြီး ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက်လည်း ၎င်းရဲ့ ထောက်ခံချက်ကို ပေးခဲ့ပုံရပါတယ်။
"ရရှိလာတဲ့ ရလဒ်ကောင်းတွေက မိုက်ကယ်ကာရစ်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို အများကြီး အထောက်အကူပြုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကာရစ် စရောက်ချင်းမှာတင် အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ပွဲကျပ်နှစ်ပွဲ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက လူတိုင်းက 'ဒုက္ခပါပဲ' ဆိုပြီး စိုးရိမ်တကြီး ကြည့်နေခဲ့ကြပေမဲ့ ကျွန်တော်တို့ကတော့ အဲ့ဒီပွဲတွေကနေ ၆ မှတ်အပြည့် ရအောင် ယူနိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး မက်ဂွါရီက "လူတိုင်းက ဒါကို ယုံကြည်ကြပြီး အခုဆို ကျွန်တော်တို့ ပြန်လည်စုစည်းမိနေပါပြီ။ ယုံကြည်မှုတွေလည်း ရှိလာပြီ။ ဘယ်နေရာကမဆို ဂိုးသွင်းနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အခုသုံးနေတဲ့ ကစားကွက်မှာလည်း ဒီထက်မက ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ ခံစစ်ကစားပုံမှာလည်း ကွင်းအတွင်း ပိုပြီးမြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ဖို့ လိုနေပါသေးတယ်" လို့ ပြောပါတယ်။
"နည်းပြသစ် ရောက်လာပြီး ကစားကွက် ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ရလဒ်တွေကတော့ အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲ၊ ရလဒ်ကောင်းတွေ ဆက်တိုက် ရနေတာပါ။ အရင် အမောရင် ရှိတုန်းကတော့ ပွဲတွေက ၅၀/၅၀ အခြေအနေ ရှိပေမဲ့ အမြဲတမ်း ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ်ခဲ့ရတာ များပါတယ်။ အခုတော့ အဲ့ဒီလို မဟုတ်တော့ဘဲ ဂိုးဧရိယာ နှစ်ဖက်လုံးမှာ ကျွန်တော်တို့ ပိုကောင်းလာပါတယ်။ ခံစစ်ကိုလည်း ပိုကောင်းအောင် ကာကွယ်နိုင်သလို တိုက်စစ်မှာလည်း ရတဲ့အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်နေပါပြီ" လို့ မက်ဂွါရီက သုံးသပ်ပြောကြားသွားခဲ့ပါတယ်။