နိုက်စ်အသင်းဆီ ပြန်လာတော့မှာမဟုတ်တဲ့ တယ်ရင်းမော်ဖီ နဲ့ ဂျရမီဘိုဂါ
ပေါ်တိုနဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီ အသီးသီး အငှားသွားရောက်ကစားနေတဲ့ တယ်ရင်းမော်ဖီ နဲ့ ဂျရမီဘိုဂါ တို့ဟာ OGC နိုက်စ်အသင်းအတွက် နောက်ထပ် ကစားပေးတော့မှာ မဟုတ်ဘူးလို့ အသင်းဒုတိယဥက္ကဋ္ဌ မောရစ်ကိုဟန်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ပေါ်တိုမှာ အငှားကစားနေတဲ့ မော်ဖီ နဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားတဲ့ ဘိုဂါတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒုဥက္ကဋ္ဌ မောရစ်ကိုဟန်က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
"သူတို့ကို အပြီးသတ်ဝယ်ယူခွင့် အချက်အလက်တွေအတိုင်း ဝယ်ယူသည်ဖြစ်စေ၊ မဝယ်ယူသည်ဖြစ်စေ သူတို့နှစ်ယောက်လုံး နိုက်စ်အသင်းဆီ ပြန်လာမှာ မဟုတ်တော့ပါဘူး" လို့ မောရစ်ကိုဟန်က Ici Azur ရေဒီယိုသို့ ပြောကြားခဲ့ပါတယ်။
ပေါ်တိုအသင်းအတွက် ၁၄ ပွဲ ကစားပေးထားပြီး ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ တယ်ရင်းမော်ဖီကို ပေါ်တိုအသင်းကသာ ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ရင် သူဟာ ပေါ်တိုမှာပဲ အပြီးတိုင် ဆက်ရှိနေတော့မှာပါ။ အသက် ၂၆ နှစ်အရွယ် နိုင်ဂျီးရီးယား တိုက်စစ်မှူးရဲ့ လက်ရှိကာလပေါက်စျေးဟာ ယူရို ၉ ဒသမ ၁ သန်း ရှိတယ်လို့ Flashscore က ဖော်ပြထားပါတယ်။
ဂျူဗင်တပ်စ်ကို ရောက်ရှိလာပြီးနောက် အသက် ၂၉ နှစ်အရွယ် ဘိုဂါဟာ စီးရီးအေ ၁၀ ပွဲ ကစားထားပြီး ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ ကာလပေါက်စျေးကိုတော့ Flashscore က ယူရို ၇ ဒသမ ၈ သန်းအဖြစ် သတ်မှတ်ထားပါတယ်။