ကာရစ်ကိုင်တွယ်နေတဲ့ ယူနိုက်တက်ကို ဆိုးရှားလက်ထက်နဲ့ မနှိုင်းယှဉ်ဖို့ တိုက်တွန်းလိုက်တဲ့ ပေါလ်ပါကာ
မန်ချက်စတာယူနိုက်တက်နဲ့အတူ ဆုဖလားနှစ်လုံး (Double) ရယူနိုင်ခဲ့တဲ့ ပေါလ်ပါကာက မိုက်ကယ်ကာရစ်ဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြအဖြစ် ရေရှည်အောင်မြင်မှုတွေ ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ကာရစ်ရဲ့ လက်ရှိ ယာယီနည်းပြစာချုပ်က ဇွန်လကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမဲ့ ပါကာကတော့ သူ့ကို ရေရှည်ခန့်အပ်သင့်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်းဖြစ်တဲ့ ပါကာက ကာရစ်ရဲ့ အခြေအနေဟာ နည်းပြဟောင်း ဆိုးလ်ရှားရဲ့ အခြေအနေနဲ့ မတူဘဲ လက်ထဲမှာရှိတဲ့ ကစားသမားတွေရဲ့ ကွာခြားမှုကြောင့် မနှိုင်းယှဉ်သင့်ဘူးလို့ ဆိုပါတယ်။ သူက Tribalfootball.com ကို ပြောကြားရာမှာ "ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်တာမို့ နောက်တစ်ခါ ထပ်မဖြစ်တော့ဘူးလို့ ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။
အရင်တုန်းကဆိုရင် အသင်းမှာ သြဇာရှိတဲ့သူတွေရှိလို့ ဒီလိုမျိုးပြောနိုင်ခဲ့ပေမဲ့ ဆိုးလ်ရှားရဲ့ ကိစ္စကတော့ သူရခဲ့တဲ့ ကစားသမားတွေကြောင့်ပါ။ ဆိုးလ်ရှားမှာ အရင်က ကျန်ရစ်ခဲ့တဲ့ အသင်းအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ကစားသမား (bad apples) တွေ အများကြီး ရှိနေခဲ့တာပါ။ အခု ကာရစ်လက်ထက်မှာတော့ စာချုပ်သက်တမ်းကုန်တဲ့သူတွေရှိသလို ထွက်ခွာသွားသူတွေလည်း ရှိနေပါပြီ။
သူကိုယ်တိုင်လည်း သန်မာဖို့လိုသလို ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေကို ရဲရဲဝံ့ဝံ့ချမှတ်နိုင်အောင် ခွင့်ပြုပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်က ကစားသမားတွေကို လာကမ်းလှမ်းမယ်ဆိုရင်လည်း အသင်းနဲ့ ကိုက်ညီမယ့်သူကို သူကိုယ်တိုင် ရွေးချယ်ခွင့်ပေးရပါမယ်" လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အနေနဲ့ အသင်းအတွက် တကယ်ကစားပေးချင်တဲ့ ကစားသမားမျိုးကိုပဲ ပစ်မှတ်ထားဖို့ အရေးကြီးတယ်လို့ ပါကာက ထောက်ပြခဲ့ပါတယ်။
"အမ်ဘယ်မိုနဲ့ ကူးညာတို့ကို ကြည့်မယ်ဆိုရင် သူတို့ဟာ တခြားကလပ်တွေမှာ သူတို့ခြေစွမ်းကို သက်သေပြခဲ့သလို မန်ယူမှာလည်း လာကစားချင်ကြပါတယ်။ ဒါဟာ ရှင်းရှင်းလေးပါပဲ၊ ဒီလိုမျိုးပဲ ဖြစ်သင့်ပါတယ်။ ကိုယ့်အသင်းကို တခြားအသင်းနဲ့ နှိုင်းယှဉ်ပြီး ချင့်ချိန်နေမယ့်သူမျိုးကို ထည့်မစဉ်းစားပါနဲ့။ အဲ့ဒီလိုလူမျိုးကို အသင်းဆီ မခေါ်ဘဲ ကံကောင်းပါစေလို့ပဲ နှုတ်ဆက်ပြီး နောက်တစ်ယောက်ကိုပဲ ရှာဖွေလိုက်သင့်ပါတယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။