The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အလားအလာများနေတဲ့ နူအာ

Sport Bild ရဲ့ဖော်ပြချက်အရ နူအာက အခုဘောလုံးရာသီကုန်မှာ ကုန်ဆုံးတော့မယ့် သူ့ရဲ့ ဘိုင်ယန်မြူးနစ်စာချုပ်ကို သက်တမ်းတိုးဖို့အတွက် ပိုပြီးစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

လက်ရှိစာချုပ်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ သက်တမ်ကုန်ဆုံးဖို့ ရှိနေလို့ နူအာကိုယ်တိုင် နောက်ထပ်တစ်နှစ်စာချုပ်သစ် ထပ်ချုပ်မလား ဒါမှမဟုတ် ကစားသမားဘဝ အနားယူတော့မလားဆိုတာကို အခုအချိန်မှာ အလေးအနက် စဉ်းစားနေပါတယ်။

အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ အသက် ၄၀ နှစ်အရွယ်ဝါရင့်ဂိုးသမားကြီး နူအာက သူ့ရဲ့မရေရာသေးတဲ့ အနာဂတ်အကြောင်း ပြောကြားခဲ့ပြီး မကြာခင်မှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ကို နောက်မကျစေဘဲ အမြန်ဆုံးပဲ ချမှတ်ချင်ပါတယ်" လို့ နူအာက ပြောပါတယ်။

"ခုထိတော့ ဘာလုပ်မယ်ဆိုတာကို အပြီးသတ်မဆုံးဖြတ်ရသေးပါဘူး၊ ဒါပေမဲ့ သိပ်မကြာခင်မှာ ဆုံးဖြတ်သွားပါမယ်။ အဲဒီနောက်မှာတော့ ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်သွားပါမယ်" လို့ သူက ဆက်ပြောပါတယ်။

ဂျာမန်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport Bild ရဲ့ အဆိုအရ နူအာက စာချုပ်သစ်ချုပ်ဖို့ အလားအလာများနေပြီး ကြံ့ခိုင်မှုကောင်းမွန်နေသရွေ့ သူအနှစ်သက်ဆုံးဖြစ်တဲ့ ဘောလုံးကစားခြင်းကိုပဲ ဆက်လက်လုပ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

ဒါက ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူထားတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး လာမယ့်ကမ္ဘာ့ဖလားမှာပြန်ကစားဖို့ ဖြစ်လာနိုင်ချေရှိတဲ့ ပြောဆိုငြင်းခုံမှုတွေကို သူကိုယ်တိုင် မီးမောင်းမထိုးပေးရတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။

နူအာက ပြိုင်ပွဲကြီးတစ်ခုမှာ ကစားရမယ့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်နဲ့ ပင်ပန်းမှုတွေကို ကောင်းကောင်းသိထားသူ ဖြစ်ပါတယ်။ အစီရင်ခံစာတွေအရ သူသာ ဘောလုံးဆက်ကစားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် နွေရာသီအားလပ်ရက်ကို အနားယူဖို့နဲ့ ဘိုင်ယန်မြူးနစ်ရဲ့နောက်ထပ်ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်ဖို့ပဲ အသုံးပြုချင်နေတယ်လို့ပဲ သိရပါတယ်။

တကယ်လို့ နူအာသာ စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင် သူ့ရဲ့ဆက်ခံသူအဖြစ် သတ်မှတ်ထားတဲ့ ဂျိုးနပ်စ်အာဘစ်ကို လာမယ့်ရာသီသစ်အတွက် ပွဲစဉ် ၂၀ ခန့်အထိ ပါဝင်ကစားစေဖို့ စီစဉ်ထားပြီး ဒါက အသက် ၄၀ နှစ်အရွယ်ဝါရင့်ဂိုးသမားကြီးရဲ့သဘောထားနဲ့လည်း ထပ်တူကျနေပါတယ်။