The network connection is lost.

Banner Image

ချန်ပီယံဆုအတွက် ဆုံးဖြတ်ပေးနိုင်မယ့်အခွင့်အလမ်း ရှိနေပြီဆိုတာ မန်စီးတီးကစားသမားတွေ သိထားကြတယ်လို့ ဒိုကူ ထုတ်ဖော်ပြောကြား

ယမန်နေ့(တနင်္ဂနွေနေ့)၊ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံဆုအတွက် အခွင့်အရေးကောင်းတွေ လက်ထဲမှာရှိနေပြီဆိုတာ မန်စီးတီးကစားသမားတွေ ခံစားနေရတယ်လို့ တောင်ပံကစားသမားဒိုကူက ဝန်ခံပြောကြားခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ချဲလ်ဆီးကို ၀-၃ ဂိုးဖြင့် မန်စီးတီးတို့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒိုကူက တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်နဲ့ ခြောက်မှတ်အကွာဆီ ရောက်ရှိလာခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးက အီတီဟတ်ကွင်းမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရဖို့ရှိပြီး ဂန်းနားတို့ထက်လည်း တစ်ပွဲလျော့ကစားထားပါသေးတယ်။

"ခက်ခဲတဲ့ပွဲစဉ်တစ်ခုမှာ အခုလိုသုံးမှတ်အပြည့်ရရှိခဲ့တယ်ဆိုတာ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတစ်ခုပါပဲ၊ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒီသုံးမှတ်ကို ကျွန်တော်တို့တွေ မဖြစ်မနေ လိုအပ်နေခဲ့ပါတယ်" လို့ ပွဲစဉ်အပြီးမှာ ဒိုကူက ပြောပါတယ်။

"ဒါကြောင့် ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ပဲ ကြိုးစားသွားရပါမယ်။ အရာအားလုံး ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို သိပါတယ်။ အခုတော့ ပင်ပန်းမှုတွေကို ကောင်းကောင်းပြန်လည်ကုစားပြီး လာမယ့် တနင်္ဂနွေနေ့ပွဲစဉ်ကို စောင့်မျှော်နေပါမယ်" လို့လည်း သူက ဆိုပါတယ်။

"ချဲလ်ဆီးကွင်းဆီ လာကစားရတာ မလွယ်ပါဘူး။ ကျွန်တော်တို့ ဆက်တိုက်ပဲ ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းရဲ့ဖိအားပေးကစားဟန်ကို နည်းနည်း ပြောင်းလဲခဲ့ပြီး နေရာလွတ်တွေ ပိုရလာဖို့ ပြိုင်ဘက်ခံစစ်တန်းရဲ့နောက်ဘက်ဆီ ဖောက်ထွက်ပြေးလွှားတဲ့ပုံစံတွေ ပိုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကလည်း သူတို့ကို အများကြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုအချိန်တွေမှာ ဂိုးရသွားတာက အများကြီး အထောက်အကူဖြစ်စေပါတယ်" လို့ ဒိုကူက ရှင်းပြခဲ့ပါတယ်။