စပို့တင်းနဲ့ပွဲအမီ အာဆင်နယ်အတွက်လေ့ကျင့်ရေးပြန်ဆင်းပေးနိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်နဲ့ ဂါဘရီရယ်
ဒီအပတ်ထဲမှာကစားမယ့် စပို့တင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်ခင် အာဆင်နယ်အသင်းဟာ ဒဏ်ရာရကစားသမား ၃ ဦး ပြန်လာနိုင်တာကြောင့် အင်အားဖြည့်တင်းမှုတွေ ရရှိခဲ့ပါတယ်။
အာဆင်နယ်ဟာ EFL ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို၊ ပြီးခဲ့တဲ့ စနေနေ့ကကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်မှာလည်း ဆောက်သမ်တန်ကို ၂-၁ နဲ့ စိတ်ပျက်စရာကောင်းအောင် ရှုံးနိမ့်ခဲ့တာကြောင့် ဖလားလေးလုံးမျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။
ဆောက်သမ်တန်နဲ့ပွဲ ဒုတိယပိုင်းအလယ်လောက်မှာ ဂါဘရီယယ်ဟာ ဒူးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး အသင်းရဲ့ တိုးပွားလာနေတဲ့ ဒဏ်ရာရလူစာရင်းထဲမှာ ထပ်တိုးသွားခဲ့ပါတယ်။
ဘရာဇီးလ်နောက်ခံလူ ဂါဘရီယယ်က သူ့ဘာသာသူ လူစားလဲပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေက "သတင်းကောင်းမဟုတ်ဘူး" လို့ နည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အခုအပတ်ထဲမှာတော့ အဲဒီနောက်ခံလူဟာ ဒီကလန်ရိုက်စ်၊ ထရော့ဆက်တို့နဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ စပို့တင်းနဲ့ကစားရမယ့် ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ဥရောပရဲ့ အဆင့်မြင့်ဆုံးပြိုင်ပွဲမှာ တစ်ပွဲမှမရှုံးသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး အုပ်စုအဆင့်မှာလည်း ရမှတ်အပြည့်နဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်တွေကြောင့် ဒီစံချိန် ကျိုးပျက်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပိုဆိုးတာကတော့ စပို့တင်းနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ဘူကာယို ဆာကာ၊ အီဘရီချီ အီဇီ၊ ဂျူရီယန် တင်ဘာနဲ့ ပီယာရို ဟင်ကာပီတို့ ပါဝင်လာနိုင်ခြင်း မရှိသေးတာပါပဲ။ ဒါကြောင့် အာတီတာအနေနဲ့ ဒဏ်ရာပြဿနာတွေကြားကပဲ အသင်းကို အလှည့်ကျပွဲထွက်ခိုင်းဖို့ ကြိုးစားနေရပါတယ်။
အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ဒဏ်ရာအနည်းငယ်စီရခဲ့တဲ့ နိုနီ မာဒူအက်ကေး၊ ဝီလီယံ ဆာလီဘာနဲ့ မာတင် ဇူဘီမန်ဒီတို့ကို အသင်းထံ ပြန်လည်ကြိုဆိုနိုင်ခဲ့ပေမဲ့ ပရိသတ်တွေကတော့ အသင်းမှာ လိုအပ်တဲ့ တိုက်စစ်စွမ်းအား မရှိမှာကို စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
အာတီတာကတော့ တနင်္လာနေ့ညနေပိုင်းမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့နောက်ဆုံးရ သတင်းတွေကို ပြောပြသွားမှာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီအပတ် လေ့ကျင့်ခန်းလွဲချော်ခဲ့သူတွေ ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ဖို့ ဆုတောင်းနေကြပါတယ်။