The network connection is lost.

Banner Image

ရှလော့တာဘတ်ချ်ရဲ့ စာချုပ်သက်တမ်းတိုးမှုကိစ္စငြင်းဆိုချက်အပြီး တုံ့ပြန်ပြောကြားလာတဲ့ ဒေါ့မွန်အကြီးအကဲ

ဂျာမနီနဲ့ ဂါနာတို့ ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်အပြီး ဒေါ့မွန်နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုနဲ့ပတ်သက်လို့ ရှလော့တာဘတ်ချ်ရဲ့ပြောကြားချက်ကို ဒေါ့မွန်အကြီးအကဲလားစ်ရစ်ကန်က ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဒေါ့မွန်နဲ့စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေကို ကစားသမားကိုယ်တိုင် ငြင်းဆန်လိုက်လို့ တနင်္လာညပိုင်းအတွက် ခေါင်းကြီးပိုင်းသတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဂျာမနီက ဂါနာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲအပြီး ရှလော့တာဘတ်ချ်က "ကျွန်တော် ဒါကို ရှင်းရှင်းလင်းလင်း ငြင်းဆိုချင်ပါတယ်။ စိတ်မကောင်းစရာကတော့ ကျွန်တော်တို့ အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဒေါ့မွန်အသင်းအားကစားဆိုင်ရာစီမံခန့်ခွဲမှုဒါရိုက်တာလားစ်ရစ်ကန်က ကစားသမားရဲ့ပြောကြားချက်အပေါ် DPA သတင်းဌာနမှတဆင့် အခုလို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

"ရှလော့တာဘတ်ချ်ပြောတာကို နားလည်ပေးလို့ရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အဆင်ပြေသွားပြီဆိုတာမျိုး ဒါမှမဟုတ် သဘောတူညီမှုရပြီဆိုတာမျိုးကို အတည်မပြုပေးခဲ့ပါဘူး၊ ဒါကြောင့် လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေကပဲ ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

"သူ့ကို ဒေါ့မွန်မှာ ရေရှည်ဆက်ထားချင်တဲ့ ကျွန်တော်တို့ရဲ့အခြေခံရပ်တည်ချက်ကတော့ ပြောင်းလဲမသွားပါဘူး။ ဒါအတွက်လည်း ကျွန်တော်တို့ ဆက်ပြီး ကြိုးစားနေပါတယ်" လို့ ရစ်ကန်က ဆက်ပြောပါတယ်။

ရှလော့တာဘတ်ချ်ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ရှိနေပါတယ်။