The network connection is lost.

Banner Image

မာရက်စကာကို ထုတ်ပယ်မှု၊ ကစားသမားသစ်ခေါ်ယူရေး မူဝါဒတွေနဲ့ပတ်သက်ပြီး ချဲလ်ဆီးအကြီးအကဲတွေကို ကူကူရယ်လာပြင်းပြင်းထန်ထန် ဝေဖန်

ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ မာ့ခ် ကူကူရဲလားက နည်းပြဟောင်း အန်ဇို မာရက်စကာ အသင်းကနေ ထွက်ခွာသွားရတာနဲ့ အသင်းရဲ့ လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူနေတဲ့ မူဝါဒတွေဟာ အသင်းရဲ့ လက်ရှိရလဒ်ဆိုးတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မာရက်စကာဟာ အသင်းအကြီးအကဲတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ချယ်လ်ဆီးကို ၁၈ လကြာ ကိုင်တွယ်ခဲ့ပြီး နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့မှာပဲ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်အဆင့် ၅ နေရာမှာ ရှိနေပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၁၅ မှတ်အကွာမှာ ရှိနေတာပါ။

အီတလီလူမျိုးနည်းပြရဲ့နေရာမှာ အသက် ၂၁ နှစ်အောက်နည်းပြ ကော်လမ် မက်ဖာလိန်းက ခေတ္တအစားထိုး ကိုင်တွယ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ လက်ရှိနည်းပြ လီယမ် ရိုဆင်းနီးယားက စထရာဘိုးအသင်းကနေ ရောက်ရှိလာခဲ့တာပါ။ စထရာဘိုးဟာ ချယ်လ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီနဲ့ Clearlake Capital တို့ ပိုင်ဆိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကို နှစ်ကျော့ပေါင်း ၈ ဂိုး - ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆ အထိ ကျဆင်းသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ စပိန်နောက်ခံလူ ကူကူရဲလားက နည်းပြသစ် ရိုဆင်းနီးယားရဲ့ "ဘောလုံးဗျူဟာတွေက ကောင်းမွန်တယ်" လို့ ဆိုခဲ့ပေမဲ့ ရာသီဝက်မှာ နည်းပြပြောင်းလဲလိုက်တာက စတန်းဖို့ဒ်ဘရစ်ချ်မှာ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ ယူဆနေပါတယ်။

"ဒါတွေက အသင်းကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေပါ။ တကယ်လို့ ကျွန်တော့်ကိုသာ မေးမယ်ဆိုရင်တော့ ဒီလိုမျိုး ဆုံးဖြတ်မှာ မဟုတ်ပါဘူး" လို့ အသက် ၂၇ နှစ်အရွယ် ကစားသမားက The Athletic ကို ပြောကြားခဲ့ပါတယ်။ "ဒီလိုအပြောင်းအလဲမျိုး လုပ်မယ်ဆိုရင် ရာသီကုန်တဲ့အထိ စောင့်တာက အကောင်းဆုံးပါ။ ဒါမှသာ ကစားသမားတွေရော နည်းပြသစ်ပါ အဆင်သင့်ဖြစ်ဖို့ အချိန်အလုံအလောက်ရမှာဖြစ်သလို ရာသီကြိုပြင်ဆင်မှုတွေကိုလည်း အပြည့်အဝ လုပ်နိုင်မှာပါ" လို့ ၎င်းက ဆိုပါတယ်။

"အတိုချုပ်ပြောရရင် အသင်းမှာ မတည်ငြိမ်မှုတွေဖြစ်ရတာက ဒါကြောင့်ပါပဲ။ ကျွန်တော်တို့မှာ ပထမတော့ ယာယီနည်းပြရှိတယ်၊ ပြီးတော့မှ နည်းပြသစ်ရောက်လာတယ်၊ နည်းပြသစ်မှာ အတွေးအခေါ်သစ်တွေရှိပေမဲ့ အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ အချိန်မရခဲ့ပါဘူး။ ဒါက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေပါပဲ" လို့လည်း ကူကူရဲလားက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် လူငယ်ကစားသမားတွေကိုပဲ အဓိကထား ခေါ်ယူတဲ့ ချယ်လ်ဆီးရဲ့ မူဝါဒကြောင့် ဆုဖလားတွေအတွက် ယှဉ်ပြိုင်ရာမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ လိုအပ်နေတယ်လို့လည်း သူက ယုံကြည်နေပါတယ်။ "ကျွန်တော်တို့မှာ အမာခံ ကစားသမားကောင်းတွေ ရှိပါတယ်။ အခြေခံကောင်းတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်လို ဆုဖလားကြီးတွေအတွက် တိုက်ပွဲဝင်ဖို့ဆိုရင် ဒါထက်ပိုပြီး လိုအပ်ပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"လူငယ်ကစားသမားတွေကိုပဲ ခေါ်ယူနေတာက ရည်မှန်းချက်တွေဆီ ရောက်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ပီအက်စ်ဂျီနဲ့ ပွဲတုန်းကဆိုရင် အဲ့ဒီလိုမျိုး အခြေအနေတွေကို ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ကျွန်တော်တို့ဆီမှာ မရှိခဲ့ပါဘူး" လို့ ကူကူရဲလားက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။