အွန်ဒက်ဗ်ရဲ့ အခန်းကဏ္ဍကို ပြောင်းလဲဖို့ အစီအစဉ်မရှိသေးတဲ့ နာဂယ်စ်မန်း
ဂါနာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး ပွဲချိန်နှောင်းပိုင်းအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဒင်းနစ်အွန်ဒက်ဗ်အတွက် ဂျာမနီနည်းပြနာဂယ်စ်မန်းမှာ ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။
ဂျာမန်နည်းပြချုပ်က ပွဲမတိုင်ခင်ကတည်းက ကစားသမားတွေရဲ့တာဝန်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးထားသလို စတုဂတ်တိုက်စစ်မှူးအွန်ဒက်ဗ်ကိုလည်း လူစားဝင်ကစားသမားအဖြစ်ပဲ ရှုမြင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အွန်ဒက်ဗ်ကတော့ ပွဲအပြီးအင်တာဗျူးမှာ "ကျွန်တော်သာ ဂိုးတွေ ဆက်သွင်းနေမယ်ဆိုရင် ဒီအခန်းကဏ္ဍ ပြောင်းလဲသွားနိုင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။
အွန်ဒက်ဗ်ရဲ့ နေရာပြောင်းလဲနိုင်ခြေရှိလားဆိုတဲ့ မေးခွန်းကိုတော့ နာဂယ်စ်မန်းက "စောင့်ကြည့်ရမှာပေါ့၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ဘာလို့လဲဆိုတော့ အခုနေရာသတ်မှတ်ချက်တွေက မတ်လအတွက်တင် မဟုတ်ဘဲ ကမ္ဘာ့ဖလားအတွက်ပါ ရည်ရွယ်ထားတာ ဖြစ်ပါတယ်"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"သူက စတုဂတ်မှာ လုပ်နေကျအတိုင်း လုပ်ပြသွားတာပါ။ အစပိုင်းမှာတော့ သူ ပွဲစဉ်ဆီ သိပ်မပါဝင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဂိုးသွင်းပေးခဲ့တယ်၊ ဒါက သူရှိနေရတဲ့ အကြောင်းရင်းပါပဲ။ ပြိုင်ဘက်ကစားသမားတွေ ပင်ပန်းနေချိန် အခွင့်အရေးတွေကို သူ အသုံးချနိုင်တာက အရေးကြီးတဲ့အချက်ပါ။ သူက တိုက်စစ်မှူးတစ်ဦးလုပ်ရမယ့်အလုပ်ကို လုပ်ပြသွားပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ သူသာ ပွဲချိန် ၇၀ လောက် ကစားထားရမယ်ဆိုရင်တော့ ဒါမျိုးလုပ်ဖို့ ခက်ခဲပါလိမ့်မယ်" လို့လည်း နာဂယ်စ်မန်းက သုံးသပ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အွန်ဒက်ဗ်က SWR Fernsehen ရုပ်သံနဲ့ အင်တာဗျူးမှာ ပရိသတ်တွေကို ချီးကျူးခဲ့သလို အသင်းဖော်ဆာနေးဘက်မှာလည်း မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။
"ပွဲစဉ်တလျှောက်လုံး ကျွန်တော့်နာမည်ကို အော်ဟစ်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာတော့ ဆာနေးကို လှောင်ပြောင်တာမျိုးတွေ မလုပ်ကြဖို့ မျှော်လင့်ပါတယ်။ ဒါက တကယ်ကို စိတ်မကောင်းစရာပါ" လို့ ဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် အွန်ဒက်ဗ်က "ဆာနေးကိုယ်တိုင်လည်း ကျွန်တော့်လိုပဲ၊ အသင်းသားတိုင်းနဲ့ ဝန်ထမ်းတိုင်းလိုပဲ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကစားသမားတစ်ဦး ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့၊ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့အားလုံးက လူတိုင်းကို ဝိုင်းဝန်းအားပေးသင့်ပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။