အာဆင်နယ်ကို အမီလိုက်နိုင်မယ်လို့ ဖိုဒန် ယုံကြည်နေ
မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်က ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကို သူတို့အသင်းက အမီလိုက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။
ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ရခဲ့တာဟာ ရာသီရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေဆီ မရောက်ခင် မန်စီးတီးအတွက် အရှိန်အဟုန်ကောင်းတစ်ခု ရရှိစေခဲ့တယ်လို့ ဖိုဒန်က ခံစားနေရတာပါ။
မန်စီးတီးဟာ လက်ရှိမှာ အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပြီး ၉ မှတ်အကွာမှာ ရှိနေပါတယ်။ ဖိုဒန်က "သေချာတာပေါ့၊ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်။ ကစားရမယ့်ပွဲတွေ အများကြီးရှိနေသေးသလို အခု နိုင်ငံတကာပွဲစဉ်တွေ ရှိနေတာကြောင့် တချို့ကစားသမားတွေအနေနဲ့ စိတ်ကိုအနားပေးပြီး လန်းလန်းဆန်းဆန်းနဲ့ ပြန်လာနိုင်မှာပါ။ ဟုတ်ပါတယ်၊ အမီလိုက်ဖို့က ဖြစ်နိုင်ပါသေးတယ်၊ ကျွန်တော်တို့လည်း ဒါကို ယုံကြည်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တဖြည်းဖြည်းချင်း လှမ်းနေတာပါပဲ။ ဒီနိုင်ပွဲက ယုံကြည်မှုကို တိုးစေပြီး အသင်းဆီ ပြန်ရောက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ" လို့ ပြောပါတယ်။
"အားလုံးကလည်း အရမ်းကို တက်ကြွနေကြပါတယ်။ ဒါဟာ ဒီရာသီအတွက် ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်သလို ရာသီရဲ့ ကျန်ရှိတဲ့ ပွဲစဉ်တွေအတွက်လည်း ယုံကြည်မှုတွေကို အများကြီး တိုးစေမှာပါ" လို့ သူက ဆက်ပြောပါတယ်။
ဝမ်ဘလေကွင်းမှာ အနိုင်ရခဲ့တာက အာဆင်နယ်ကို တုန်လှုပ်သွားစေမလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ "အဲ့ဒီလိုတော့ မထင်ပါဘူး။ ဒါက လုံးဝကို မတူညီတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အနိုင်ရလိုက်တာက ကောင်းတယ်လို့ပဲ မြင်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့တော့ တိုက်ရိုက်ပတ်သက်မှု မရှိပါဘူး။ ဒါပေမဲ့ အခွင့်အရေးတွေကတော့ အများကြီး ကျန်နေပါသေးတယ်" လို့ ဖိုဒန်က ဖြေကြားခဲ့ပါတယ်။