The network connection is lost.

Banner Image

ကာရစ်ကို ယူနိုက်တက်မှာ ရေရှည်ခန့်အပ်ဖို့ မျှော်လင့်ကြောင်းပြောကြားလာတဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက် နောက်ခံလူ မက်ဂွါရီကတော့ အခုလက်ရှိ ယာယီတာဝန်ယူထားတဲ့ "အံ့ဩဖို့ကောင်းသူ" မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံအားပေးနေပါတယ်။

ကာရစ်ဟာ မက်ဂွါရီလိုပဲ ဒီရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ သူ့ကို စာချုပ်သက်တမ်းတိုးပေးဖို့ ဝန်းရံထောက်ခံမှုတွေလည်း အင်တိုက်အားတိုက် ရှိနေပါတယ်။

မက်ဂွါရီက "ပြောရရင် ကာရစ်ရောက်လာတာဟာ တကယ်ကို ကောင်းမွန်ပါတယ်။ သူက စကားပြောဆိုရာမှာလည်း အရမ်းတော်သလို နည်းဗျူဟာပိုင်းမှာလည်း တကယ်ကို ထူးချွန်သူပါ" လို့ ဆိုပါတယ်။

"သူက အတွေ့အကြုံရင့်တဲ့ အဖွဲ့သားကောင်းတွေကိုလည်း ခေါ်ယူခဲ့ပါတယ်။ စတိဗ်ဟော်လန်လို အတွေ့အကြုံရှိတဲ့သူမျိုးကို ခေါ်လာတာက သူ အမှီသဟဲပြုဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်"

"ဂျိုနသန် ဝုဒ်ဂိတ်နဲ့ ဂျွန်နီအီဗန်တို့ကလည်း အသင်းက လူငယ်နောက်ခံလူတွေကို ကူညီပေးနေသလို ကျွန်တော်တို့ နောက်ခံလူအားလုံးကိုလည်း လိုအပ်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးနေပါတယ်"

"ဒါပေမဲ့ ဒါက ကျွန်တော်တို့အပေါ်မှာတော့ မမူတည်ပါဘူး။ လက်ကျန်ပွဲစဉ် ၇ ပွဲပဲ ကျန်တော့ပြီး ကျွန်တော်တို့ အနေအထားကောင်းတစ်ခုကို ရောက်နေပါပြီ။ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ လိုအပ်သလို ကာရစ်အနေနဲ့လည်း အခြားနည်းပြလောင်းတွေနဲ့အတူ စာရင်းထဲမှာ ပါဝင်သင့်ပြီး လုပ်ငန်းစဉ်တွေအတိုင်း ဆက်သွားရမှာပါ"

"အသင်းဘက်က သေချာစိစစ်လုပ်ဆောင်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနွေရာသီဟာ ယူနိုက်တက်အတွက် အရေးကြီးတဲ့ကာလ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းကို ကူညီပေးနိုင်မယ့် ကစားသမားသစ်တွေ လိုအပ်တယ်ဆိုတာ သိထားပါတယ်"

"အသင်းရဲ့ လူအင်အားကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဖို့လိုပါတယ်။ စီမံခန့်ခွဲမှုအပိုင်းမှာလည်း လူသစ်တွေအများကြီး ခေါ်ယူရမှာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။