The network connection is lost.

Banner Image

လီဗာပူးရဲ့ယူရိုသန်း ၂၀၀ တန်အစီအစဉ်ရှိနေပေမဲ့ အိုလီစီကို မရောင်းချနိုင်ဘူးလို့ ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ ဘိုင်ယန်အကြီးအကဲများ

ကွင်းလယ်လူမိုက်ကယ်အိုလီစီကို ပရီးမီးယားလိဂ်အသင်းတွေ ပိုမိုစိတ်ဝင်စားလာနေတယ်ဆိုတာကို ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေ သိရှိထားပါတယ်။

လီဗာပူးအသင်းက အိုလီစီကိုခေါ်ယူနိုင်ရေး အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတယ်လို့ BILD သတင်းဌာနမှ ဖော်ပြခဲ့ပြီး ပြင်သစ်လက်ရွေးစင်ကစားသမားအတွက် ယူရိုသန်း ၂၀၀ အထိ အသုံးပြုသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ယူရို ၁၆၅ သန်းနဲ့ ကမ်းလှမ်းဖို့ စိတ်ဝင်စားနေသလို၊ မန်စီးတီးအသင်းကလည်း ဘိုင်ယန်မြူးနစ်မှာ အိုလီစီရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။

အိုလီစီရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်စီအီးအို ယန်ခရစ္စတီယန်ဒရီဆင်ကတော့ "သူ့ကို ဆွဲဆောင်ဖို့ ဘယ်ကလပ်အသင်းကပဲ ကြိုးစားပါစေ၊ ဘိုင်ယန်မှာကစားနေတဲ့သူတိုင်းက ဒီကလပ်အသင်းမှာ ဘယ်လောက်အဆင့်အတန်းရှိတဲ့ အခွင့်အရေးတွေ ရထားသလဲဆိုတာကို သိကြပါတယ်" လို့ ဆိုပါတယ်။

အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်ကလည်း အိုလီစီအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစားပေးဖို့ စိတ်ကူးမရှိပါဘူး။

"ဒါကို ကျွန်တော်တို့ စဉ်းစားတောင် မစဉ်းစားပါဘူး။ သူက ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်ပြီး ထိပ်တန်းကစားသမားတစ်ဦးအတွက် လိုအပ်မယ့်အခွင့်အရေးအားလုံး ဒီမှာ ရှိပြီးသားပါ။ အိုလီစီက ကျွန်တော်တို့နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိထားသလို စာချုပ်ဖျက်သိမ်းကြေးလည်း မပါဝင်လို့ ကျွန်တော်တို့ စိတ်အေးလက်အေးပဲ ရှိနေပါတယ်" လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။