အမေရိကန်ပြင်ပမှာ အီရန်နဲ့ ကမ္ဘာ့ဖလားပွဲစဉ်ကို ကစားဖို့ နယူးဇီလန်အသင်း ဆန္ဒရှိနေ
နိုင်ငံရေးတင်းမာမှုတွေကြောင့် အမေရိကန်နိုင်ငံမှာ ဘောလုံးကစားဖို့ မသေမချာဖြစ်နေတဲ့ အီရန်နဲ့ ရင်ဆိုင်ရမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို အမေရိကန်ပြင်ပမှာ ကစားဖို့ နယူးဇီလန်ဘောလုံးသမားတွေက သဘောတူတယ်လို့ ပြောကြားလိုက်ပါတယ်။
အီရန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲကို အစောဆုံးအောင်မြင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာစတင်လာတဲ့ အမေရိကန်/အစ္စရေးနဲ့ အီရန်တို့ရဲ့ ပဋိပက္ခတွေကြောင့် သူတို့ရဲ့ ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်ခွင့်ဟာ မရေမရာ ဖြစ်လာခဲ့ပါတယ်။
"Team Melli" လို့ လူသိများတဲ့ အီရန်အသင်းရဲ့အုပ်စုပွဲစဉ်သုံးခုလုံးကို အမေရိကန်မှာ ကစားဖို့ သတ်မှတ်ထားပါတယ်။ မူလအစီအစဉ်အရ ဇွန် ၁၅ ရက်၊ လော့စ်အိန်ဂျလိစ်မြို့မှာ အီရန်နဲ့နယူးဇီလန်တို့ရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပေမဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်ကတော့ အမေရိကန်မြေပေါ်မှာ ကစားရမယ့်ပွဲစဉ်ကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
နယူးဇီလန်အသင်းကတော့ လော့စ်အိန်ဂျလိစ်မှာ ကစားရမယ်လို့ပဲ သဘောထားပြီး ပြင်ဆင်နေပေမဲ့ လိုအပ်လာရင် အမေရိကန်ပြင်ပမှာ ပြောင်းလဲကစားဖို့ အဆင်သင့်ရှိတယ်လို့ ကစားသမားတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
နယ်သာလန်အခြေစိုက်ကလပ်အသင်းမှာ ကစားနေတဲ့ ကွင်းလယ်လူ ရိုင်ယန်သောမတ်စ်က အီရန်အတွက် ကမ္ဘာ့ဖလားကစားခွင့်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ပြီး ဒီပွဲစဉ်အပေါ် လူအများရဲ့ အာရုံစိုက်မှုတွေကို "All Whites" လို့ခေါ်တဲ့ နယူးဇီလန်အသင်း ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
"သူတို့က ခြေစစ်ပွဲအောင်မြင်ထားလို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ မက္ကဆီကိုမှာပဲဖြစ်ဖြစ်၊ ကနေဒါမှာပဲဖြစ်ဖြစ် ကစားရမယ်ဆိုရင်လည်း ကျွန်တော်တို့ ကစားသွားပါမယ်။ ဒါက ကျွန်တော့်အတွက်တော့ အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူး" လို့ သူက ရိုက်တာသတင်းဌာနဆီ ပြောပါတယ်။
ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နယူးဇီလန်အသင်းက မက္ကဆီကိုနယ်စပ်နဲ့နီးတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဆန်ဒီယေဂိုမြို့မှာ အခြေစိုက်သွားပါလိမ့်မယ်။
မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်းဘမ်းကလည်း အီရန်ရဲ့ကမ္ဘာ့ဖလားပွဲစဉ်တွေကို လက်ခံကျင်းပပေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်နေရာပြောင်းလဲဖို့အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ ဖီဖာ (FIFA) ကိုယ်တိုင်ပဲ ချမှတ်ပိုင်ခွင့်ရှိပါတယ်။
သြစတြေးလျအခြေစိုက် တောင်ပံကစားသမား ကိုစတာဘာဘာရူးဆပ်စ်ကတော့ ဒီပွဲစဉ်အတွက် ဆုံးဖြတ်ချက်ကို တာဝန်ရှိသူတွေဆီမှာပဲ ပေးအပ်ထားပြီး နေရာအပြောင်းအလဲက နယူးဇီလန်ရဲ့ပြင်ဆင်မှုတွေကို မထိခိုက်စေဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေကို အနှောင့်အယှက်ဖြစ်စေမယ်လို့ မထင်ပါဘူး။ ပထမဆုံးပွဲစဉ်မတိုင်ခင်ကတည်းက ကျွန်တော်တို့မှာ အခြေစိုက်စခန်းရှိပြီးသားဆိုတော့ ပြောင်းလဲကစားရမယ်ဆိုရင်လည်း ဘာပြဿနာမှမရှိပါဘူး" လို့ သူက ဆိုပါတယ်။
ဖီဖာကတော့ အီရန်ရဲ့ပွဲစဉ်တွေကို နေရာပြောင်းလဲဖို့ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပေမဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး အသင်းတွေအနေနဲ့ လက်ရှိသတ်မှတ်ထားတဲ့ ပွဲစဉ်ဇယားအတိုင်း ယှဉ်ပြိုင်သွားဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်အသင်းက အုပ်စုအဆင့်ပွဲစဉ်တွေအဖြစ် ဘယ်လ်ဂျီယံနဲ့ လော့စ်အိန်ဂျလိစ်မှာ ဘယ်လ်ဂျီယံ၊ ဆီယက်တဲလ်မှာ အီဂျစ်တို့နဲ့လည်း ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
အသက် ၃၆ နှစ်အရွယ် ဖခင်တစ်ဦးလည်းဖြစ်သူ ဘာဘာရူးဆပ်စ်က လော့စ်အိန်ဂျလိစ်မှာ ကစားမယ့် နယူးဇီလန်-အီရန်ပွဲစဉ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိတာကို နားလည်ပေမဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားကစားရမယ့် နယူးဇီလန်ကစားသမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အာဏာပိုင်တွေကိုယ်တိုင် လုံခြုံရေးအပြည့်အဝပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
"လူတွေရဲ့ စိုးရိမ်မှုတွေကို နားလည်ပါတယ်၊ ဒါပေမဲ့ ဒါက ကြီးကျယ်တဲ့ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လို့ ကျွန်တော့်မိသားစုကို အဲဒီမှာ ရှိနေစေချင်ပါတယ်။ သူတို့အတွက် ဘေးကင်းလိမ့်မယ်လို့ ယုံကြည်ပြီး သူတို့လည်း ဒီပွဲကို လာကြည့်ချင်ကြပါလိမ့်မယ်" လို့ ဝက်စတန်ဆစ်ဒနီဝမ်းဒါးရားစ်အသင်းရဲ့ တောင်ပံကစားသမားက ဆိုပါတယ်။
ရိုင်ယန်သောမတ်စ်ကလည်း အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် စိတ်လှုပ်ရှားမှုတွေ ရှိနေပေမဲ့ ဒါဟာ ပြိုင်ပွဲကြီးတစ်ခုရဲ့ အဖွင့်ပွဲစဉ်တိုင်းမှာ ဖြစ်လေ့ရှိတဲ့ သဘာဝပဲလို့ ဆိုပါတယ်။
"အဖွင့်ပွဲမတိုင်ခင် စိတ်လှုပ်ရှားစရာတွေ အများကြီး ရှိနေပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ကွင်းထဲမှာ ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ အသက် ၃၁ နှစ်အရွယ် ကစားသမားက ပြောကြားခဲ့ပါတယ်။