ငယ်ဘ၀ကလပ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်လို့ ဂုဏ်ယူဝမ်းမြောက်နေတဲ့ လီဗာပူးလူငယ်ကြယ်ပွင့်အပ်တန်
လီဗာပူးကွင်းလယ်လူဂျိုးအပ်တန်က အသက် ၁၈ နှစ်ပြည့်မြောက်ချိန်မှာပဲ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
အပ်ပ်တန်ဟာ အသက် ၆ နှစ်သား၊ အကယ်ဒမီအကြိုအဆင့်ကတည်းက အသင်းမှာ ရှိနေခဲ့သူဖြစ်ပြီး အခုဆိုရင် ယူ-၁၈ အသင်းအထိ အဆင့်ဆင့် တိုးတက်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
ပါရမီရှိတဲ့ ဒီကွင်းလယ်ကစားသမားက ယူအီးအက်ဖ်အေလူငယ်လိဂ်ပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ဆီ လီဗာပူးအသင်းတက်ရောက်နိုင်ဖို့ ခုနစ်ပွဲလုံး ပါဝင်ကစားခဲ့သလို ယူ-၁၈ အသင်းအတါက် ၁၉ ပွဲကစားထားရာမှာလည်း ၁၁ ပွဲကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
အခုလို အသက်အရွယ်နဲ့ စာချုပ်သစ်ချုပ်ဆိုခွင့်ရဖို့ဆိုတာ ခဲယဉ်းတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝကတည်းက အားပေးခဲ့တဲ့ အသင်းအတွက် လက်မှတ်ထိုးခွင့်ရခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေတယ်လို့ အပ်တန်က ဆိုပါတယ်။
"ဒါ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်ပါပဲ၊ ကျွန်တော့်ရဲ့ငယ်ဘ၀ကလပ်အသင်းအတွက် လက်မှတ်ထိုးခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်" လို့ သူက Liverpoolfc.com ကို ပြောကြားခဲ့ပါတယ်။
"အသင်းမှာ ရှိနေခဲ့တာ အခုဆိုရင် ၁၃ နှစ်နီးပါး ရှိပါပြီ။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး အရာအားလုံးအတွက် အရမ်းဂုဏ်ယူပါတယ်။ လတ်တလောအဓိကရည်မှန်းချက်ကတော့ ယူ-၂၁ အသင်းမှာ ပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ လာမယ့်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေပြသရင်း ဘောလုံးကစားရတာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်" လို့လည်း ဆိုပါတယ်။
သတင်းတွေအရ အပ်တန်က ယူ-၂၁ အသင်းအတွက် ပွဲဦးထွက်ကစားထားနိုင်ခြင်းမရှိသေးပေမဲ့ လာမယ့်ရာသီမှာတော့ အသင်းကြီးလူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပြီး နည်းပြအန်းစလော့ရဲ့ခေါ်ယူမှုနဲ့အတူ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။
အခုဆိုရင် သူက ဒီလအစောပိုင်းမှာ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ အင်ဂဲလ်သရုပ်ပ်နဲ့အတူ လီဗာပူးရဲ့ အနာဂတ်ကြယ်ပွင့်တွေ ဖြစ်လာခဲ့ပါပြီ။ ပရီးမီးယားလိဂ်လိဂ်ချန်ပီယံလီဗာပူးအသင်းအတွက်တော့ အနာဂတ်က အလွန်တောက်ပနေပါတယ်။