ဆက်စ်ကိုကို Super Sub လို့မခေါ်ဖို့ အေးဂျင့်ဖြစ်သူ သတိပေး
ဘင်ဂျမင် ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူ အဲလ်ဗစ် ဘာဆန်နိုဗစ်က မန်ချက်စတာယူနိုက်တက်မှာ သူ့တိုက်စစ်မှူး ရရှိထားတဲ့ ဂုဏ်ပုဒ်အသစ်ကို သဘောမကျဘူးလို့ ဆိုပါတယ်။ နွေရာသီမှာ ယူနိုက်တက်ကို ရောက်ရှိလာပြီးကတည်းက ဆက်စ်ကိုဟာ ရူဘင် အမော်ရင်နဲ့ မိုက်ကယ် ကာရစ်တို့ နှစ်ဦးစလုံးရဲ့ လက်အောက်မှာ ပွဲထွက်ကစားသမားအဖြစ် ၁၃ ပွဲ၊ လူစားဝင်ကစားသမားအဖြစ် ၁၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၉ ဂိုးအထိ သွင်းယူကာ အသင်းအတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒီနှစ်ဆန်းပိုင်းကစပြီး ကာရစ်ရဲ့ လက်အောက်မှာ ပွဲစဉ်တွေရဲ့ ဒုတိယပိုင်းမှ လူစားဝင်ကစားရင်း အသင်းအတွက် အကျိုးပြုဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ဆက်စ်ကိုဟာ လူစားဝင်ဂိုးသွင်းရှင်အဖြစ် နာမည်ကြီးလာခဲ့ပါတယ်။ Arena Sport နဲ့ အင်တာဗျူးမှာတော့ အေးဂျင့်ဖြစ်သူ ဘာဆန်နိုဗစ်က ဒီလိုခေါ်ဝေါ်မှုကို ပယ်ချလိုက်ပြီး သူ့ရဲ့ကစားသမားကို "ထူးချွန်တဲ့ တိုက်စစ်မှူး" လို့ပဲ ခေါ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဒီနာမည် (Super-sub) နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမယ်ဆိုရင်တော့ ကျွန်တော် ဒါကို မကြိုက်ပါဘူး၊ 'ထူးချွန်တဲ့ တိုက်စစ်မှူး (super striker)' ဆိုတဲ့ နာမည်ကို ပိုသဘောကျပါတယ်။ ဘင်ဂျမင်က တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ သူဟာ ဒီနှစ်ထဲမှာ ၁၃ ပွဲကို ပွဲထွက်ကစားခဲ့သလို ၁၃ ပွဲကို လူစားဝင်ကစားခဲ့ပါတယ်။ သူသွင်းခဲ့တဲ့ ဂိုးတွေထဲက တစ်ဝက်က ပွဲထွက်ကစားစဉ်မှာ သွင်းခဲ့တာဖြစ်ပြီး ကျန်တစ်ဝက်ကတော့ လူစားဝင်ချိန်မှာ သွင်းခဲ့တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ ပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက်ဆိုတာ တွေ့နိုင်ပြီး ဘင်ဂျမင်ဟာ 'ထူးချွန်တဲ့ တိုက်စစ်မှူး' ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်သူပါ" လို့ ဘာဆန်နိုဗစ်က ဆိုပါတယ်။
လောလောဆယ်မှာတော့ ဆက်စ်ကိုဟာ ကြံ့ခိုင်မှုအပြည့်အဝ မရှိသေးတာကြောင့် နိုင်ငံတကာရက်သတ္တပတ်အတွင်း ဟန်ဂေရီ၊ မွန်တီနီဂရိုးတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်မှာမဟုတ်ဘဲ ကလပ်အသင်းမှာပဲ ဆက်ရှိနေမှာပါ။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆက်စ်ကိုကတော့ အဲဒီပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့နဲ့ သူဟာ ကာရစ်ရဲ့လက်အောက်မှာ လူစားဝင်မှပဲ အကျိုးပြုနိုင်သူဆိုတဲ့ အပြောတွေကို ချေဖျက်နိုင်ဖို့ မျှော်လင့်နေပါတယ်။