ဂျူဗင်တပ်စ်အသင်းနဲ့ သတင်းထွက်နေတဲ့ ဇက်ခ်ဇီအတွက် ယူနိုက်တက်က ဈေးနှုန်းသတ်မှတ်
ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူး ဇက်ခ်ဇီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း သတ်မှတ်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇက်ခ်ဇီဟာ ဒီရာသီမှာ နည်းပြ ရူဘင်အမော်ရင်မ် လက်ထက်မှာရော၊ အခုလက်ရှိ မိုက်ကယ်ကားရစ် လက်ထက်မှာပါ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဇက်ခ်ဇီဟာ ပရီးမီးယားလိဂ် ၁၈ ပွဲ ပါဝင်ကစားထားရာမှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားပါတယ်။
TMW ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ဇက်ခ်ဇီကို ယူရို ၃၅ သန်းဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး သူဟာ အီတလီစီးရီးအေကို ပြန်သွားဖို့ အလားအလာများနေပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ ဇက်ခ်ဇီကို ခေါ်ယူဖို့ အင်မတန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း ရိုးမားနဲ့ အေစီမီလန်အသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။