The network connection is lost.

Banner Image

ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်သာ အနိုင်ရခဲ့ရင် ဆုဖလားလေးလုံးစလုံး သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး တကယ်ရှိနေပြီလို့ ရှီးယား ပြောကြား

အာဆင်နယ်အသင်းအနေနဲ့ အခုတစ်ပတ်မှာ ကာရာဘောင်းဖလားကိုသာ မြှောက်ကိုင်နိုင်ခဲ့မယ်ဆိုရင် ဒီရာသီမှာ ဆုဖလား လေးလုံးစလုံး ရယူနိုင်တဲ့ အောင်မြင်မှုကို ရရှိသွားနိုင်တယ်လို့ ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမား အလန်ရှီးယားက ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက အီမရိတ်ကွင်းမှာ လေဗာကူဆင်ကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာကြောင့် ဆုဖလား လေးလုံးရယူနိုင်ဖို့ ခြေလှမ်းတွေ ဆက်လက် ခိုင်မာနေတာ ဖြစ်ပါတယ်။

လတ်တလော ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရပ်တည်နေတဲ့ အာဆင်နယ်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာလည်း မန်စီးတီးထက် ပိုပြီး ရေပန်းစားနေကာ စံချိန်တင်အောင်မြင်မှုတွေရမယ့် ရာသီတစ်ခုဖြစ်လာဖို့ ကြိုးစားနေပါတယ်။

Betfair နဲ့ အင်တာဗျူးမှာတော့ ရှီးယားက အာဆင်နယ်သာ ဒီဖလားကို ရသွားခဲ့ရင် ဆုဖလားလေးလုံး ရယူနိုင်ဖို့ တကယ်ကို ဖြစ်နိုင်ခြေ များသွားပြီလို့ ယုံကြည်နေပါတယ်။ "အာဆင်နယ်သာ ကာရာဘောင်းဖလား ရသွားရင် ဆုဖလားလေးလုံးရဖို့က တကယ်ကို ဖြစ်နိုင်ခြေ ရှိလာပါပြီ။ ဒါပေမဲ့ 'နိုင်ခဲ့ရင်' ဆိုတဲ့ စကားလုံးကတော့ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲက နှစ်သင်းစလုံးအတွက် အကြီးမားဆုံး ပွဲတစ်ပွဲ ဖြစ်နေလို့ပါ။ မန်စီးတီးအတွက်လည်း ဒီရာသီ ဆုဖလား ရနိုင်ဖို့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေနိုင်တာကြောင့် နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲဖြစ်ပါတယ်" လို့ ရှီးယားက ဆိုပါတယ်။

"တကယ်လို့ အာဆင်နယ်သာ ဒီပွဲကို နိုင်ခဲ့ရင်တော့ အရင်က ဘယ်သူမှ မလုပ်နိုင်ခဲ့ဖူးတဲ့ ဆုဖလားလေးလုံး အောင်မြင်မှုအကြောင်း ပြောစရာတွေ ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါလိမ့်မယ်။ ပွဲကတော့ အရမ်းကို ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အကြိတ်အနယ် ရှိမှာဖြစ်ပေမဲ့ ကျွန်တော်ကတော့ ဒီပွဲကို ကြည့်ဖို့ တကယ်ကို စိတ်အားထက်သန်နေပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

အင်္ဂလန်မှာ ဘယ်အသင်းမှ ဆုဖလား လေးလုံးစလုံး တစ်ပြိုင်နက် မရဖူးသေးတာကြောင့် အခုလိုသာ အောင်မြင်ခဲ့ရင် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာအထိ ထပ်မြင်ရဖို့ မလွယ်ကူတဲ့ အောင်မြင်မှုမျိုး ဖြစ်လာမှာပါ။

အာဆင်နယ်ဟာ FA ဖလား ကွာတားဖိုင်နယ်မှာလည်း ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ပြီးပြည့်စုံတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာလည်း ခြေစွမ်းကို အကောင်းဆုံး ဆက်လက် ထိန်းထားနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။