ပီအက်စ်ဂျီနဲ့ချဲလ်ဆီးကြားမှာ ကွာဟချက်အကြီးကြီးရှိခဲ့တယ်လို့ ထောက်ပြလာတဲ့ ဂျိုကိုးလ်
ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး ဂျိုးကိုးလ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် နှစ်ကျော့စလုံးမှာ PSG နဲ့ တွေ့ဆုံချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ အားနည်းချက်တွေဟာ အရှိကိုအရှိအတိုင်း ပေါ်ထွက်လာခဲ့တယ်လို့ ယူဆနေပါတယ်။
PSG ဟာ ပထမအကျော့တုန်းက ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို မနေ့ညက စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာလည်း ၃-၀ ဂိုးနဲ့ ထပ်မံအနိုင်ရရှိခဲ့တာပါ။
"ဒါဟာ ဒီကလပ်ရဲ့ လက်ရှိအခြေအနေအစစ်အမှန်ကို ပြသလိုက်တာပါပဲ။ ပဲရစ် (PSG) ကတော့ စံပြအဆင့်အတန်းတစ်ခုကို သတ်မှတ်ပြလိုက်တာပါ" လို့ ကိုးလ်က ဝေဖန်ပြောကြားခဲ့ပါတယ်။
"သူတို့က ဥရောပချန်ပီယံတွေဖြစ်ပြီး ချယ်လ်ဆီးကတော့ ဒီနှစ်ကျော့စလုံးမှာ သူတို့နဲ့ အလှမ်းဝေးကွာနေဆဲဆိုတာ ပြသနေပါတယ်။ ချယ်လ်ဆီးက မိနစ် ၇၅ အထိတော့ အကောင်းဆုံး ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ ဘောလုံးပွဲဆိုတာ အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တွေမှာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကပဲ အရေးကြီးတာပါ။ ဒါဟာ နည်းပြ လီယမ်ရိုဆင်နီယာရဲ့ ပြဿနာမဟုတ်ပါဘူး။ လီယမ်ကတော့ သူ့လုပ်ငန်းစဉ်အတိုင်း သူလုပ်နေတာပါ၊ သူက ဒီအသင်းထဲကို ရောက်လာတာ မကြာသေးပါဘူး။ ဒါဟာ အသင်းရဲ့ မဟာဗျူဟာနဲ့ ဦးတည်ချက်၊ နောက်ပြီး အသင်းက ဘယ်ကို ဦးတည်သွားနေသလဲဆိုတဲ့အပေါ်မှာ ရှိနေတဲ့ ပြဿနာပါ"
အသက် ၄၄ နှစ်အရွယ် ကိုးလ်က ဆက်လက်ပြီး "ဒါဟာ လက်ရှိအချိန်မှာ ကလပ်အသင်းရဲ့ အနေအထားကို မျက်စိပွင့်သွားစေတဲ့ အရာပါပဲ။ ငွေကြေးအမြောက်အမြား အကုန်အကျခံထားပြီးပြီဆိုတော့ ကျွန်တော်တို့ ဘာတွေလုပ်နေသလဲ၊ ဘယ်လိုပုံစံနဲ့ သွားနေသလဲဆိုတာကို အလေးအနက် ပြန်စဉ်းစားသင့်ပါပြီ။ အခုခြေစွမ်းက တကယ်ကို မလုံလောက်သေးပါဘူး။ ဒီနေ့ည ကွင်းထဲမှာ ၁၉ နှစ်၊ အနှစ် ၂၀ အရွယ် လူငယ်ကစားသမားတွေ ပါဝင်နေပါတယ်။ သူတို့တွေ ကြီးထွားလာဖို့၊ တိုးတက်လာဖို့အတွက် အချိန်တွေ ရှိပါသေးတယ်။ ဒီနေ့ညကတော့ သူတို့အတွက် မဟုတ်ခဲ့ပါဘူး၊ နောက်ပိုင်းမှာတော့ သူတို့ရဲ့ ကစားသမားဘဝအတွက် ပိုကောင်းတဲ့ ညတွေ ရှိလာမှာပါ။ ဘောလုံးကလပ်တစ်ခုအနေနဲ့ စီးပွားရေးကို အဓိကမထားဘဲ ဘောလုံးကိုပဲ ဦးစားပေးရပါမယ်၊ မဟုတ်ရင်တော့ အခုလို ခြေစွမ်းမျိုးတွေပဲ မြင်တွေ့ရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။