မန်စီးတီးကို အနိုင်ယူပြီးနောက် ရီးရဲလ်မက်ဒရစ်ကစားသမားတွေရဲ့ စည်းလုံးမှုကို အာဘီလိုအာချီးကျူး
အင်္ဂါနေ့၊ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက အခုနိုင်ပွဲအတွက် သူ့ရဲ့ကစားသမားတွေကိုပဲ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။
ပွဲစဉ်အပြီးမှာတော့ အာဘီလိုအာက "အခုလို အခြေအနေကို အကောင်းဆုံး ပြောင်းလဲနိုင်ခဲ့တာကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှု၊ ပါရမီနဲ့ အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "အခုလို အဆင့်အတန်းမြင့်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေ၊ အင်အားတောင့်တင်းတဲ့လူစာရင်းနဲ့ နည်းပြကောင်းတစ်ဦးရှိတဲ့ အသင်းမျိုးကို နှစ်ကျော့လုံး အနိုင်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ နှစ်ပွဲလုံး အနိုင်ရမယ်လို့ ထင်ကြေးပေးသူ အနည်းငယ်ပဲရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့်သာ အခုလို အနိုင်ရရှိခဲ့တာပါ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဒီရလဒ်နဲ့ ထိုက်တန်ပါတယ်" လို့လည်း ဆိုပါတယ်။
"ပြီးခဲ့တဲ့နှစ်လတာအတွင်း ကျွန်တော်လုပ်ဆောင်ခဲ့တဲ့အရာတွေကတော့ ကစားသမားတွေဆီမှ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ရလာအောင်၊ ကွင်းထဲမှာ သူတို့တွေ စိတ်သက်သောင့်သက်သာကစားနိုင်အောင်နဲ့ သူတို့နဲ့ကိုက်ညီမယ့်နေရာတွေမှာထားနိုင်အောင် ကြိုးစားခဲ့တာပါပဲ။ အသင်းသားအားလုံး အနစ်နာခံပြီး စည်းစည်းလုံးလုံးနဲ့ အတူတကွကြိုးစားခဲ့ကြလို့ အခုလို ဟန်ချက်ညီတဲ့အသင်းတစ်ခု ဖြစ်လာတာပါ။ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်ဖို့ဆိုရင် စုပေါင်းအင်အားနဲ့ ကြိုးစားအားထုတ်မှုတွေရှိတဲ့ အသင်းကောင်းတစ်ခု ဖြစ်ရမယ်ဆိုတာ ကစားသမားတွေ ကောင်းကောင်းကြီး နားလည်ထားကြပါတယ်" လို့ အာဘီလိုအာက ရှင်းပြခဲ့ပါတယ်။
အသင်းရဲ့အလုံးစုံစွမ်းဆောင်ရည်အပေါ်မှာလည်း အာဘီလိုအာက အထူးကျေနပ်အားရနေပါတယ်။ ၎င်းက "သူတို့မှာ ပါရမီရှိပြီးသားပါ။ အဲဒီပါရမီကိုမှ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ စုပေါင်းစိတ်ဓာတ်နဲ့ ပေါင်းစပ်လိုက်တာက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ သူတို့ ဒါကို ကောင်းကောင်းနားလည်ပြီး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီပွဲက ကျွန်တော်တို့ကို နောက်တစ်ဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ ပွဲကောင်းတစ်ပွဲပါပဲ" လို့ ပြောပါတယ်။
"စွမ်းဆောင်ရည်အပေါ် ဝမ်းသာမိပေမဲ့ ဒီအတိုင်းဆက်သွားရမယ်ဆိုတာ သိထားပါတယ်။ နောက်တစ်ကြိမ် အခြေအနေမကောင်းတာမျိုး ကြုံလာရင် အပြင်လူတွေဆီမှ သံသယတွေ ပြန်ထွက်ပေါ်လာပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ အရာပါ။ ကျွန်တော်တို့ကတော့ အသင်းအတွင်းမှာ ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာကိုပဲ အာရုံစိုက်ထားပြီး ဒါကပဲ အရေးကြီးဆုံးဖြစ်ပါတယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။