The network connection is lost.

Banner Image

ဂိုးသွင်းနည်းသွားပေမဲ့ ဟာလန်းက ပိုပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာတယ်လို့ အဂူရို ဆို

မန်စီးတီးဂန္ထဝင် အဂူရိုကတော့ အာလင်းဟာလန်းဟာ ဂိုးတွေမသွင်းနိုင်ရင်တောင်မှ အရင်ကထက် ပိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပြီလို့ ပြောကြားလိုက်ပါတယ်။

ဟာလန်းဟာ ဒီရာသီရဲ့ ပထမဆုံး ၁၇ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲမှာတော့ ၃ ဂိုးပဲ သွင်းယူနိုင်ပါသေးတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူ ဂိုးမသွင်းနိုင်ခဲ့သလို ခြေစွမ်းပိုင်း သိသိသာသာကျဆင်းနေတဲ့ ဒီနော်ဝေတိုက်စစ်မှူးအတွက်တော့ ဒါဟာ တကယ့်ကို အခက်အခဲကာလတစ်ခု ဖြစ်နေပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကတော့ ဒီအပတ်ထဲမှာ ဟာလန်းရဲ့ ရုန်းကန်နေရမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့သလို သူဟာ အကောင်းဆုံးခြေစွမ်းဆီ ပြန်လာနိုင်မယ်လို့လည်း အာမခံခဲ့ပါတယ်။

"အာလင်းဟာ ကျွန်တော်တို့အတွက် သူ့ရဲ့ဂိုးတွေ လိုအပ်တယ်ဆိုတာ သိပါတယ်" လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ "ကျွန်တော်တို့ဘက်ကလည်း သူ့အတွက် အခွင့်အရေးတွေ ပိုဖန်တီးပေးဖို့ လိုသလို သူကိုယ်တိုင်လည်း ပထမပိုင်းအစောပိုင်းမှာ အခွင့်အရေးကောင်း ၃၊ ၄ ကြိမ်လောက် ရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။"

"ဒါပေမဲ့ ဒါဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ ကစားသမားအားလုံးနဲ့ သူတို့ခံစားနေရတဲ့ အခြေအနေတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမဲ့ သူပြန်လာမှာပါ။ အာလင်းဟာ မကြာခင်မှာပဲ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။

အဂူရိုကလည်း ဟာလန်းကို ထောက်ခံပေးထားပါတယ်။ အခုလည်း Stake နဲ့ အင်တာဗျူးမှာ အဂူရိုက ဟာလန်းဟာ ဂိုးတွေမသွင်းနိုင်ပေမဲ့ အသင်းအတွက် အရင်ကထက် ပိုပြီးအကျိုးပြုနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

"အာလင်းဟာလန်း ဂိုးသွင်းနည်းသွားတာ အမှန်ပဲ၊ ဒါပေမဲ့ သူ့ရဲ့ အသင်းလိုက်ကစားပုံမှာတော့ အများကြီးတိုးတက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဘောလုံးကို ပိုပြီးထိန်းထားနိုင်လာတယ်၊ ဂိုးဖန်တီးမှုတွေလုပ်တယ်၊ ပြီးတော့ ခံစစ်အကူအညီတွေလည်း ပေးလာတယ်။ အခုဆို သူဟာ ပိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ပြီးတော့ သူ့အနေနဲ့ ဂိုးသွင်းနည်းသွားပေမဲ့လည်း အသင်းကတော့ ဂိုးတွေ ဆက်သွင်းနေတုန်းပါပဲ။ ဆီမန်ညိုရဲ့ အခြေအနေက ဒါကို သက်သေပြနေတဲ့ ဥပမာတစ်ခုပါပဲ" လို့ အဂူရိုက ပြောပါတယ်။

ဟာလန်းရဲ့ နောက်ဆုံးသွင်းဂိုးဟာ ဖေဖော်ဝါရီလတုန်းက ဖူလ်ဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ မန်စီးတီးတို့ အရှုံးပြန်ဆပ်ဖို့ ကြိုးစားရမှာဖြစ်သလို၊ ဟာလန်းအနေနဲ့လည်း အဲဒီပွဲမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်ရဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။