The network connection is lost.

Banner Image

လာပေါ်တာကို ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံပြောကြားလာတဲ့ ဗစ်တာဖောင့်

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဂျိုအန်လာပေါ်တာကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အသင်းအဖွဲ့ဝင်တွေဟာ ကလပ်အသင်းရဲ့ အနာဂတ်အတွက် တခြားပုံစံမျိုးကိုပဲ ပိုပြီးစဉ်းစားထားကြတယ်ဆိုတာကို ဗစ်တာဖောင့်က ဝန်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ မဲပေးမှုမှာ လာပေါ်တာဟာ ထောက်ခံမဲ ၆၈ ရာခိုင်နှုန်းကျော် ရရှိပြီး ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီရလဒ်နဲ့ ပတ်သက်ပြီး ဖောင့်က "အငြင်းပွားစရာမရှိအောင် အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဥက္ကဋ္ဌသစ် ဂျိုအန်လာပေါ်တာကို ဂုဏ်ပြုပါတယ်။ ဒါ့အပြင် အခုလို အသင်းကို ဘယ်သူဦးဆောင်မလဲဆိုတာကို ရွေးချယ်ပေးနိုင်ဖို့ တခဲနက်လာရောက်မဲပေးခဲ့ကြတဲ့ အဖွဲ့ဝင် ၄ သောင်းကျော်နဲ့ ကျွန်တော်တို့ကို ဝန်းရံပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက "ကျွန်တော်တို့ မျှော်လင့်ထားသလို ရလဒ်ထွက်မလာခဲ့ပေမဲ့ မဲပေးသူအရေအတွက် ဒီထက်ပိုများစေချင်ခဲ့တယ်ဆိုတာကိုတော့ အလေးအနက် ပြောချင်ပါတယ်။ အခုလိုမျိုး ရွေးကောက်ပွဲမျိုးဟာ နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းကို ခေတ်မီအောင် ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ ရှင်းပြခဲ့တဲ့ အစီအစဉ်တွေ လက်တွေ့ဖြစ်မလာခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ရလဒ်ကိုတော့ လက်ခံပါတယ်။ ရှေ့ဆက်ပြီးပဲ သွားကြမှာပါ" လို့ ဆိုပါတယ်။

ဒါ့အပြင် "ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်တော်တို့ ကြိုးပမ်းခဲ့တာက အခုမဲဆွယ်ကာလမှာ ရှင်းပြခဲ့သလိုပဲ တခြားပုံစံနဲ့ ဘာစီလိုနာအသင်းဖြစ်လာဖို့ပါ။ ဒါဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်သလို ဆက်လက်လုပ်ဆောင်သွားဖို့လည်း တန်ဖိုးရှိပါတယ်။ ကျွန်တော် စိတ်ကူးထားတဲ့ ဘာစီလိုနာအသင်း ဖြစ်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါဟာ နာမည်ရဖို့ လုပ်တာမဟုတ်ဘဲ ဒီရည်မှန်းချက်ကို ယုံကြည်လို့ လုပ်တာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ ရာထူးနေရာက အရေးမကြီးပါဘူး။ ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ အသင်းအတွက်ပဲ လုပ်တာဖြစ်ပြီး ကလပ်အသင်းကို ကျွန်တော်ဖြစ်စေချင်တဲ့ ပုံစံမျိုးရောက်အောင် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ" လို့လည်း ဖောင့်က ပြောကြားခဲ့ပါတယ်။