The network connection is lost.

Banner Image

ချဲလ်ဆီးကို အနိုင်ယူပြီးနောက် နယူးကာဆယ်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းကို အက်ဒီဟိုဝီ ချီးကျူး

ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တဲ့ စနေ့နေ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် နယူးကာဆယ်နည်းပြအက်ဒီဟိုဝီ အလွန်ကျေနပ်အားရနေပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ နယူးကာဆယ်က ဂေါ်ဒွန်ရဲ့ပထမပိုင်းပွဲချိန်သွင်းဂိုးနဲ့အတူ ၀-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရလဒ်ရယူဖို့ လုံလောက်ခဲ့ပါတယ်။

အက်ဒီဟိုဝီက "အခုသီတင်းပတ်ထဲမှာ ရင်ဆိုင်ရမယ့် အရေးကြီးတဲ့ပွဲစဉ်နှစ်ပွဲအတွက် အခုနိုင်ပွဲက တကယ်ကို အရေးပါလွန်းပါတယ်" လို့ ပြောပါတယ်။

ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အက်ဒီဟိုဝီက "အခုလိုကောင်းမွန်တဲ့ရလဒ်နဲ့ ခံစားချက်တွေကို ယူဆောင်ပြီး ဒီလိုပွဲစဉ်တွေဆီ သွားနိုင်တယ်ဆိုတာ အင်မတန်ကောင်းမွန်ပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုတွေက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ယုံကြည်မှု ရရှိစေပါတယ်။ ဘာစီလိုနာမှာ အနိုင်ရဖို့နဲ့ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရောက်နိုင်မယ့် အခွင့်အရေးရဖို့အတွက် ဒီနေ့ပွဲစဉ်ကို အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ပေမဲ့ အနိုင်ရလဒ်မှတဆင့်ပေးလာမယ့် ယုံကြည်မှုမျိုးကို လိုအပ်ပါတယ်" လို့ ဆိုပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်ကို တိုနာလီ လွဲချော်ခဲ့ပေမဲ့ စပိန်ခရီးစဉ်ကိုတော့ သူ ပြန်ပါဝင်လာလိမ့်မယ်လို့ အက်ဒီဟိုဝီ မျှော်လင့်နေပါတယ်။

"ယမန်နေ့၊ လေ့ကျင့်ခန်းပြီးချိန် သူနေမကောင်းဖြစ်နေပါတယ်။ ဒါကြောင့် တိုနာလီတော့ ဒီခရီးစဉ်ကို မလိုက်ပါနိုင်ဘူးဆိုတာ ချက်ချင်းသိသွားခဲ့ပါတယ်။ အသင်းမှာ အခြားသူတွေဖြစ်ခဲ့တဲ့ ဖျားနာမှုတွေလိုပဲ သူလည်း မြန်မြန်ဆန်ဆန် ပြန်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်လောက်ကတည်းက အသင်းမှာ အဖျားရောဂါတစ်ခု ပျံ့နှံ့ခဲ့ပြီး အခုလည်း အလားတူပုံစံမျိုးဖြစ်ဖို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။