ပထမအကျော့ပွဲစဉ်က အဆုံးအဖြတ်မဟုတ်ကြောင်း အက်စတွန်ဗီလာကို မူနီယာသတိပေး
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူရိုပါလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်မိတယ်လို့ လိုင်လီနောက်ခံလူ သောမတ်စ်မူနီယာက ဝန်ခံပြောကြားလိုက်ပါတယ်။
အော်လီဝက်ကင်းရဲ့ ခေါင်းတိုက်ဂိုးကြောင့် ကြာသပတေးနေ့က ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဗီလာအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
မူနီယာက "ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒီပထမအကျော့ကို အိမ်ကွင်းမှာ အနိုင်ရချင်ခဲ့တာပါ။ ဂိုးတွေသွင်းချင်ခဲ့ပြီး ပရိသတ် ၄၅,၀၀၀ ရဲ့ အားပေးမှုကို အခွင့်ကောင်းယူချင်ခဲ့ပေမဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်" လို့ ဆိုပါတယ်။
"ဒါပေမဲ့ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ အက်စတွန်ဗီလာဟာ ကစားပုံပြင်းထန်မှုနဲ့ ကစားကွက်စီးချက်တွေမှာ ကျွန်တော်တို့ထက် အများကြီး ပိုသာနေတယ်လို့ ကျွန်တော် မခံစားရပါဘူး။
ကျွန်တော်တို့ တစ်ပွဲလုံး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးတချို့ ရခဲ့ပေမဲ့ သူတို့က အခွင့်အရေးကို အသုံးချနိုင်တဲ့အပိုင်းမှာ ပိုပြီးတော့ ကံကောင်းသွားခဲ့တာပါ။
ဇန်နဝါရီလကတည်းက တကယ်ကို ခက်ခဲနေခဲ့တာပါ။ ပွဲတွေကို အနိုင်ရဖို့ ခက်ခဲနေပါတယ်။ လောလောဆယ် ကျွန်တော်တို့ နည်းနည်း ရုန်းကန်နေရတာပေါ့။ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတော့ ဒါက ကျွန်တော်တို့အတွက် ရှုပ်ထွေးတဲ့ ကာလတစ်ခုပါပဲ။ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး တစ်ခါတလေကျရင်တော့ ဒါက အချိန်ယူရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။