မျိုးဆက်သစ်တွေအတွက် အချိန်တန်ပြီလို့ လာပေါ်တာကို ဘာတိုမြူ သတိပေး
ဘာစီလိုနာအသင်း ဥက္ကဋ္ဌဟောင်း ဂျိုးဆက်ဘာတိုမြူက လက်ရှိဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာရဲ့ အုပ်ချုပ်မှုသက်တမ်း ကုန်ဆုံးသွားပြီလို့ ယုံကြည်နေပါတယ်။ လာပေါ်တာဟာ ဒီလထဲမှာ ပြုလုပ်မယ့် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဗစ်တာဖွန့်နဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်နေရတာပါ။
ဘာတိုမြူက EFE သတင်းဌာနကို အခုလို ပြောကြားခဲ့ပါတယ်။ "အသင်းရဲ့ ခေါင်းဆောင်မှုပိုင်းကို အပြောင်းအလဲလုပ်ပြီး အတွေးအခေါ်သစ်တွေရှိတဲ့ လူငယ်မျိုးဆက်တွေအတွက် လမ်းဖွင့်ပေးရမယ့်အချိန် ရောက်လာပါပြီ။" သူကိုယ်တိုင်အပါအဝင် ဆန်ဒရိုရိုဆဲလ်နဲ့ လာပေါ်တာတို့ ပါဝင်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က မျိုးဆက်တွေရဲ့ ခေတ်ဟာ ကုန်ဆုံးသွားပြီလို့လည်း ဘာတိုမြူးက ယူဆထားပါတယ်။ သူက ဆက်လက်ပြီး "တစ်ခါတလေကျရင် အိမ်ကို သန့်ရှင်းရေးလုပ်၊ ပြတင်းပေါက်တွေဖွင့်ပြီး စိတ်ကူးသစ်တွေရှိတဲ့ မျိုးဆက်သစ်တွေကို ဝင်ရောက်ခွင့်ပေးဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် လာပေါ်တာအနေနဲ့ လီယွန်နယ်မက်ဆီကို အသင်းမှာ ဆက်ထိန်းမထားနိုင်ခဲ့တာအပေါ် ဘာတိုမြူက အတော်လေး ဝေဖန်ခဲ့ပါတယ်။ "မက်ဆီ ထွက်ခွာသွားတာက အနာကျင်ရဆုံး ဆုံးဖြတ်ချက်ပါပဲ။ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားကို နှုတ်ဆက်လိုက်ရတာ တကယ့်ကို စိတ်မကောင်းစရာပါ။ သူက ကျွန်တော်တို့နဲ့အတူ ကစားပေးနိုင်စွမ်းတွေ အများကြီး ကျန်ရှိနေသေးသလို၊ အခုလက်ရှိ အောင်မြင်နေတဲ့ လာမာစီယာ လူငယ်မျိုးဆက်သစ်တွေနဲ့လည်း အတူတူ တွဲဖက်ကစားနိုင်ခဲ့မှာပါ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။