အသင်းဟောင်းလေဗာကူဆင်နဲ့ရင်ဆိုင်ရမယ့်အပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာတဲ့ ဟားဗက်ဇ်
အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က ဒီတစ်ပတ်အတွင်း သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ လေဗာကူဆင်နဲ့ ရင်ဆိုင်ရမယ့်အခြေအနေအပေါ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အာဆင်နယ်နဲ့ လေဗာကူဆင်တို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ကိုင်ဟားဗက်ဇ်နဲ့ ပီယာရို ဟင်ကာပီတို့ဟာ သူတို့ရဲ့ အသင်းဟောင်းရှိရာဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကိုင်ဟားဗက်ဇ်ဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လေဗာကူဆင်ရဲ့ လူငယ်အကယ်ဒမီမှာ ကြီးပြင်းခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်အထိ စီနီယာအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က အမှတ်တရကောင်းတွေ အများကြီးရှိခဲ့တဲ့ အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိရတဲ့အပေါ် အခုလို ပြောပြခဲ့ပါတယ်။
“ဒါက တကယ်ကို အံ့ဩစရာပါပဲ။ ကျွန်တော် ရင်းနှီးတဲ့မျက်နှာတွေ အများကြီးတွေ့ခဲ့ရသလို အမှတ်တရတွေလည်း အများကြီး ပြန်ပေါ်လာပါတယ်။ အထူးသဖြင့် အာဆင်နယ်ကစားသမားတစ်ယောက်အနေနဲ့ ဒီကလပ်မှာ ပြန်ကစားရတာပေါ့။ ကိုယ့်ရဲ့ ငယ်ဘဝကလပ်ကို ပြန်လာရတာ တကယ်ကို ဝမ်းသာစရာဖြစ်ပြီး ပွဲစမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေပါတယ်။ သူတို့က နည်းပြကောင်းရှိတဲ့ အသင်းကောင်းတစ်သင်းပါ၊ ဒါကြောင့် မနက်ဖြန်ပွဲမှာ အနိုင်ရဖို့ပဲ အာရုံစိုက်ထားပါတယ်။ အဲဒီနောက်မှာတော့ အိမ်ပြန်ပြီး ပရီးမီးယားလိဂ်ပွဲကို ဆက်ကစားရမယ်၊ ပြီးရင် နောက်တစ်ပတ်မှာ ဒုတိယအကျော့အဖြစ် သူတို့နဲ့ ပြန်ကစားရမှာပါ။ အခုလောလောဆယ်တော့ အဲဒါကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။
လေဗာကူဆင် အားကစားဒါရိုက်တာ ဆိုင်မွန်ရိုလ်ဖ်ဖ်ကတော့ အာဆင်နယ်နဲ့ တွေ့ဆုံချင်နေခဲ့ပြီး ပရိသတ်တွေက ကိုင်ဟားဗက်ဇ်ကို သတင်းစကားပါး နှုတ်ဆက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
“အာဆင်နယ်နဲ့ တွေ့ဆုံရတာ ကောင်းပါတယ်။ ဒါမှသာ ကိုင်ဟားဗက်ဇ် အသင်းက ထွက်ခွာသွားပြီး ၆ နှစ်နီးပါးအကြာမှာ ကျွန်တော်တို့ရဲ့ ကွင်းထဲမှာ သူ့ကို သေချာနှုတ်ဆက်ခွင့် ရမှာပါ” လို့ ၎င်းက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ဖီးလ်တောင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး FA Cup ကွာတားဖိုင်နယ် တက်လှမ်းထားနိုင်သလို၊ လက်ရှိမှာလည်း ၄ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ရလဒ်ကောင်းတွေနဲ့အတူ လေဗာကူဆင်နဲ့ပွဲကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။