အတ္တလန္တာကို ဘိုင်ယန်မြူးနစ်အနေနဲ့ လျှော့မတွက်သင့်ကြောင်းပြောကြားလိုက်တဲ့ ရမ်မန်နစ်ဂါး
ဒီည ဘာဂါမိုမှာ ကစားမယ့်ပွဲမှာ အတ္တလန္တာအသင်းကို ဘိုင်ယန်မြူးနစ်တို့ သတိထားကစားရမယ်လို့ ကားလ်ဟိန်းဇ် ရမ်မန်နစ်ဂါးက ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့မှာတော့ အတ္တလန္တာအသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံကစားသွားမှာ ဖြစ်ပါတယ်။ ရမ်မန်နစ်ဂါးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အမှုဆောင်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အခုလက်ရှိမှာတော့ အသင်းရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူနေသူပါ။
အင်တာမီလန်တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ သူက La Gazzetta dello Sport သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော်တို့ ဘာဂါမိုမှာ ရလဒ်ကောင်းတစ်ခုရအောင် အရင်ကြိုးစားရမှာဖြစ်ပြီး ဒုတိယအကျော့မှာ ကွာတားဖိုင်နယ်တက်နိုင်ဖို့ ဆက်လုပ်သွားရပါမယ်။ ဒါပေမဲ့ ဒါက အပိုင်တွက်လို့ရတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အတ္တလန္တာဟာ စီးရီးအေကလပ်တွေထဲက ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။
ရမ်မန်နစ်ဂါးက ဆက်ပြီး "ဒါကို ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ ဒီနှစ်မှာ ဘယ်သူ့ကိုမှ လျှော့မတွက်သင့်ပါဘူး။ အသင်းငယ်လေးတွေလို့ ခေါ်ကြတဲ့ အသင်းတွေက တကယ်ကို ခြေစွမ်းပြနေကြတာပါ။ အတ္တလန္တာက လေးစားမှုပေးရမယ့် အသင်းငယ်လေးပါ။ မကြာသေးခင်ကလည်း လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ သူတို့ တကယ်ကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရခဲ့တာ အားလုံးအမြင်ပါပဲ။ တစ်ခါပြန်ပြောရရင်တော့ သူတို့ကို လျှော့တွက်လို့မရပါဘူး၊ ပြီးတော့ သူတို့အသင်းကိုလည်း ကျွန်တော် သဘောကျပါတယ်။ ပါကာစီ မိသားစုနဲ့လည်း ဆုံခဲ့ဖူးသလို ဘောလုံးအပေါ် သူတို့ထားတဲ့ အမြင်တွေနဲ့ အသင်းကို အေးအေးဆေးဆေး စီမံခန့်ခွဲပုံတွေကိုလည်း ကြိုက်နှစ်သက်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။