အင်တာမီလန်ကို အနိုင်ရခဲ့ပေမယ့် သူ့ကိုယ်သူ နှိမ့်ချပြောဆိုလာတဲ့ အယ်လီဂရီ
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး အေစီမီလန်နည်းပြ မက်စ် အယ်လီဂရီက သူ့ရဲ့စွမ်းဆောင်မှုကြောင့် အနိုင်ရတာဆိုပြီး ဂုဏ်ဖော်ပြောဆိုတာမျိုး မလုပ်ဘဲ လျှော့ချပြောကြားသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာတော့ ပါဗစ် အက်စတူပီနန်က အေစီမီလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အေစီမီလန်ဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့ ၇ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အယ်လီဂရီက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ "မဟုတ်ပါဘူး၊ ဒါက အယ်လီဂရီရဲ့ ဖန်တီးနိုင်စွမ်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘောလုံးပွဲအကြောင်းနဲ့ နိုင်ချင်စိတ်အပြည့်ရှိနေတဲ့ ကစားသမားတွေအကြောင်းကိုပဲ ပြောနေတာပါ။ ပြီးခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲမှာ တစ်မှတ်ပဲ ရခဲ့လို့ အခြေအနေသိပ်မကောင်းခဲ့ပါဘူး" လို့ ဆိုပါတယ်။
"အခုဆိုရင် ကျွန်တော်တို့ အမှတ် ၆၀ ရနေပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ဒီလောက်နဲ့ မလုံလောက်သေးတာမို့ နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းဖို့ လိုပါသေးတယ်။ ဒါပေမဲ့ စီးရီးအေချန်ပီယံဆု အတွက်တော့ အင်တာမီလန်ကပဲ အလားအလာအကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ကို အနိုင်ယူဖို့ဆိုရင် ဒီညက ကျွန်တော့်ကစားသမားတွေ ပြသခဲ့သလိုမျိုး အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။