အာဆင်နယ်ကို အချိန်ဆွဲကစားတယ်လို့ စွပ်စွဲလိုက်တဲ့ ဘရိုက်တန်နည်းပြဟာဇလာ
ဒီနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဘရိုက်တန်နည်းပြဟာဇလာဟာ အာဆင်နယ်အသင်းကို ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။ သူက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို ဘောလုံးကောင်းကောင်းမကစားဘဲ အချိန်ဆွဲတဲ့နည်းလမ်းတွေ သုံးခဲ့တယ်လို့ စွပ်စွဲခဲ့သလို အဲဒီလိုပုံစံမျိုးနဲ့တော့ အနိုင်မယူချင်ဘူးလို့လည်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီဝေဖန်မှုကြောင့် နောက်လာမယ့်ရက်အနည်းငယ်အတွင်း အာဆင်နယ်ရဲ့ကစားဟန်နဲ့ပတ်သက်လို့ ငြင်းခုံမှုတွေ ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်က ဆာကာရဲ့အစောပိုင်းသွင်းဂိုးနဲ့အတူ ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့ပါတယ်။ တဖက်မှာလည်း မန်စီးတီးနဲ့နော်တင်ဟမ်ဖောရက်စ်တို့ နှစ်ဂိုးစီသရေကျသွားလို့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်မှာ ခုနစ်မှတ်အထိ အသာစီးရရှိသွားခဲ့ပါတယ်။
အဲဒီပွဲစဉ်ရဲ့အဓိကအငြင်းပွားဖွယ်ရာအခိုက်အတန့်တွေအနက် ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး ဘရိုက်တန်အတွက် ပင်နယ်တီအခွင့်အရေးငြင်းပယ်ခံရမှုနဲ့ ဒုတိယပိုင်းအတွင်း အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာဆေးကုသမှုခံယူဖို့အတွက် တစ်ကြိမ်ထက်မက ကွင်းထဲမှာလဲကျနေခဲ့မှုတွေ ပါဝင်ပါတယ်။
မော်ဒန်ဘောလုံးလောကရဲ့ကစားဟန်တွေအပေါ် ဝေဖန်သံတွေထွက်ပေါ်နေသလို အာဆင်နယ်ရဲ့ကစားဟန်နဲ့ပတ်သက်လို့ အငြင်းအခုံတွေ အရှိန်အဟုန်မြင့်မားနေစဉ် "ဒီနေ့ပွဲမှာ ဘောလုံးကို တကယ်ကစားဖို့ ကြိုးစားခဲ့တာ အသင်းတစ်ခုတည်းပဲ ရှိပါတယ်" ဆိုတဲ့ ဟာဇယ်လာရဲ့ ပြောကြားချက်က သတင်းမီဒီယာတွေအကြား ပိုပြီးတော့ဆူပွက်လာစေပါတယ်။
ပွဲစဉ်အပြီး ဟာဇလာက "ဒီနေ့ပွဲမှာ ဘောလုံးကိုစနစ်တကျကစားဖို့ကြိုးစားခဲ့တာ တစ်သင်းတည်း ရှိပါတယ်။ ကျွန်တော် တစ်ခုပဲမေးချင်တယ်၊ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ သုံးကြိမ်လောက်ကွင်းတွင်းလဲကျနေတဲ့ဂိုးသမားမျိုး ခင်ဗျားတို့ မြင်ဖူးသလား" လို့ Daily Mirror သတင်းဌာနကို ပြောခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ကစားပုံအပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။ ဒီလိုမျိုးထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာတော့ မတတ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပွဲမတိုင်ခင်ကတည်းက ကျွန်တော် ပြောခဲ့ပြီးသားပါ။ ဒီလိုကိစ္စတွေအပေါ် စိတ်မရောက်ဘဲ ကျွန်တော်တို့အကြောင်းပဲ ပြောကြရအောင်။ ပရီးမီးယားလိဂ်အနေနဲ့ စည်းမျဉ်းတွေကို ပြန်ကြည့်ဖို့လိုပါတယ်။ အချိန်ဖြုန်းနေတာတွေ အရမ်းများလွန်းတယ်" လို့ သူက ဆက်ပြောပါတယ်။
ဟာဇယ်လာ၈ သူ့အသင်းအကြောင်းပဲ ပြောချင်တယ်လို့ ဆိုခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အာဆင်နယ်ကို အကြီးအကျယ်ဝေဖန်ပြီးမှ ပြန်ထိန်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အဲဒီလိုပြောပြီး မကြာခင်မှာပဲ ဝေဖန်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
"သူတို့သာ ပရီးမီးယားလိဂ်ဖလားရသွားရင် ဘယ်လိုနည်းနဲ့ရခဲ့တာလဲဆိုတာ ဘယ်သူမှမေးမှာ မဟုတ်ပါဘူး။ အဓိကကတော့ စည်းမျဉ်းတွေပါပဲ။ အခုတော့ ဒိုင်လူကြီးက အကုန်လုံးကို ခွင့်ပြုပေးနေသလို ဖြစ်နေပြီး သူတို့ဘာသာ စည်းမျဉ်းတွေ ထုတ်နေသလိုပါပဲ။ ဒါကို ဆုံးဖြတ်ရတာ ခက်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုနည်းလမ်းနဲ့အနိုင်ရဖို့ကြိုးစားတဲ့မန်နေဂျာမျိုး ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။