ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပင်နယ်တီရခဲ့သင့်တယ်လို့ဆိုလာတဲ့ အီရာအိုလာ
အင်္ဂါနေ့က ဘရန့်ဖို့ဒ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ သူတို့အသင်းဟာ နိုင်ပွဲ ကို မတရားသဖြင့် အလုခံလိုက်ရတယ်လို့ ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဒုတိယပိုင်း အစောပိုင်းမိနစ်တွေမှာ ဘုန်းမောက်ကစားသမား မားကပ်စ် တာဗာနီယာဟာ ဧည့်သည်အသင်းရဲ့ ပင်နယ်တီဧရိယာအတွင်းမှာ ဘရန့်ဖို့ဒ် နောက်ခံလူ မိုက်ကယ် ကာယိုဒီရဲ့ ခြေချင်းဝတ်ကို တိုက်မိတာ ခံခဲ့ရပါတယ်။
Daily Echo သတင်းဌာနနဲ့ စကားပြောရာမှာတော့ အီရာအိုလာက အခုလို ဒေါသတကြီး ပြောခဲ့ပါတယ်။ "ဒါဟာ တကယ့်ကို ကြီးမားတဲ့ ပင်နယ်တီ အခွင့်အရေးပါ။ ဒါကို ပင်နယ်တီအဖြစ် မသတ်မှတ်ပေးတာကို ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး။ ဘောလုံးက ကွင်းပြင်မထွက်သွားဘဲ တိုင်ကို ထိခဲ့တယ် ထင်ပါတယ်။ ဒါကြောင့်လည်း သူတို့ (ဒိုင်တွေ) က နှစ်မိနစ်လောက်အထိ အချိန်ယူ စစ်ဆေးနေခဲ့တာပါ။ 'စစ်ဆေးနေပါတယ်၊ စစ်ဆေးနေပါတယ်' လို့ပဲ ပြောနေကြတာ၊ အမှန်တော့ အကြာကြီး စစ်နေစရာကို မလိုတာပါ။ အခြေအနေကို ကြည့်လိုက်ရင် သုံးစက္ကန့်အတွင်းမှာတင် သိသာနေပါတယ်။ ကာယိုဒီက သူ့နေရာပျောက်သွားပြီး တာဗာနီယာက ဂိုးသွင်းဖို့ အခွင့်အရေးရနေချိန်မှာ နောက်ကနေ ခြေသလုံးကို တိုက်မိခဲ့တာပါ။ တာဗာနီယာကတော့ တတ်နိုင်သမျှ ဆက်ကစားပြီး ဂိုးသွင်းခဲ့ပေမဲ့ တိုင်ထိသွားပါတယ်။ ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က ချက်ချင်း ပင်နယ်တီ မပေးခဲ့တာ ဖြစ်နိုင်ပေမဲ့ VAR အတွက်တော့ ဒါကို အကြိမ်ကြိမ် ပြန်ကြည့်နေစရာ မလိုပါဘူး။ သူတို့ အကြာကြီး စစ်ဆေးနေတာကြောင့် ပင်နယ်တီ ပေးတော့မယ်လို့ ကျွန်တော် ယုံကြည်နေခဲ့တာပါ။ ပွဲကလည်း ဆက်ကစားနေတာပေါ့။ ဟုတ်ပါပြီ၊ သူတို့ နှစ်မိနစ်၊ သုံးမိနစ်လောက် စစ်ဆေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာမှဖြစ်မလာခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ ဒါဟာ တကယ့်ကို ရှင်းလင်းလွန်းတဲ့ အခြေအနေဖြစ်ပေမဲ့ ကျွန်တော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မရရှိခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။