The network connection is lost.

Banner Image

ပဲလေ့စ်နဲ့ပွဲမှာ နိုင်ပွဲရစေခဲ့တဲ့ ဆက်စ်ကိုရဲ့ ခြေစွမ်းတိုးတက်လာမှုအပေါ် ချီးကျူးလိုက်တဲ့ ယူနိုက်တက်နည်းပြ ကာရစ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဘင်ဂျမင် ဆက်စ်ကိုရဲ့ ခြေစွမ်းအပေါ် နည်းပြ မိုက်ကယ် ကာရစ်က အလွန်ကျေနပ်အားရနေပါတယ်။ အဲဒီပွဲစဉ်မှာ ဒုတိယပိုင်းအတွင်း ဆက်စ်ကိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ အိမ်ရှင် ယူနိုက်တက်က နောက်ကလိုက်ကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကာရစ်က အဆိုပါတိုက်စစ်မှူးနဲ့ ပတ်သက်ပြီး "ဘင် (ဆက်စ်ကို) အတွက် တကယ်ကို ဝမ်းသာပါတယ်။ သူနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိခဲ့သလို စိုးရိမ်စရာလည်း မဟုတ်ပါဘူး။ သူက အသင်းအပေါ် အများကြီး သက်ရောက်မှုရှိသလို အခုဆိုရင်လည်း အများကြီး တိုးတက်လာပါတယ်။ ဒီကလပ်မှာ ကစားရတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုခံစားချက်မျိုးရှိလဲဆိုတာနဲ့ ဒီမှာကစားရတဲ့ အဓိပ္ပာယ်ကို သူ အထိုင်ကျအောင် လုပ်နေတာပါ" လို့ ပြောကြားခဲ့ပါတယ်။

"တစ်ခါတလေ ကျွန်တော်တို့ သာမန်ပဲလို့ ထင်တတ်ကြတဲ့ အရာတွေရှိပေမဲ့ သူကတော့ အကောင်းဆုံးဖြစ်ချင်တဲ့စိတ် ပြင်းထန်ပြီး အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်သူပါ။ သူ့လို ကစားသမားမျိုးနဲ့ တွဲလုပ်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ ဒီနေ့ပွဲမှာ သူ ပွဲထွက်ကစားခဲ့ပြီး တကယ်ကို အံ့ဩစရာကောင်းတဲ့ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အသင်းအတွက်လည်း အများကြီး အကျိုးပြုနေပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်တန်းက ကစားသမားတွေဟာ ပွဲအတွင်းမှာ နေရာစုံ ကစားနိုင်တာကြောင့် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒီနေ့မှာ အာမတ်ကို အနားပေးခဲ့ပေမဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ပွဲမှာတော့ ဒါက ပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်စရာတွေ အများကြီးရှိနေတာက ကောင်းပါတယ်" လို့လည်း ဆိုပါတယ်။

ဆက်စ်ကိုရဲ့ ခြေစွမ်းဘာကြောင့် အဆင်ပြေချောမွေ့လာသလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ကာရစ်က "ကစားသမားတွေနဲ့ အသင်းကို ကူညီချင်တဲ့အခါ သူတို့နဲ့ ရင်းနှီးမှုနဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့က အရေးကြီးပါတယ်။ ဒါက ဆက်စ်ကိုရဲ့ ကြိုးစားမှုကြောင့်ပါ၊ သူကိုယ်တိုင်ကလည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊ အမြဲတမ်း အကောင်းမြင်စိတ်ရှိတယ်၊ ပြီးတော့ ဘယ်လိုမျိုး တိုးတက်အောင် လုပ်ရမလဲဆိုတာကိုလည်း သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ၊ ဒါကြောင့်လည်း သူ ကျွန်တော်တို့ဆီမှာ ရှိနေတာပါ" လို့ ဆက်ပြောပါတယ်။

"သူ့မှာ ကောင်းမွန်တဲ့ အားသာချက်တွေ ရှိသလို ပြိုင်ဘက်တွေအတွက် တကယ့်ကို ခြိမ်းခြောက်မှုဖြစ်စေတဲ့သူပါ။ စိတ်လှုပ်ရှားလွန်းလို့ အရှိတရားကို မေ့သွားတာမျိုး မဟုတ်ပေမဲ့ သူ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို ကျွန်တော် တကယ်ကို ရင်ခုန်မိပါတယ်။ သူက အရမ်းငယ်သေးတဲ့အတွက် အလားအလာတွေ အများကြီးရှိနေပါသေးတယ်၊ အခုက အစောပိုင်းကာလပဲ ရှိသေးပေမဲ့ လက်ရှိမှာတော့ သူ တကယ်ကို ထူးထူးခြားခြား လုပ်ပြနေပါတယ်" လို့ ကာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။